Latest Breaking News & Headlines

မွေးချင်းထဲ မောင်လေး ရှိတဲ့ အစ်မတွေသာ နားလည်မယ့် ခံစားချက်များ…

67

ရေစက်ရှိလို့သာ လူတွေက ဘဝမှာ ဆုံလာရတာလို့ ဆိုကြပါတယ်။ ဒီလိုပဲ မောင်နှမတွေ အဖြစ်နဲ့ ဆုံဆည်းရသူတွေကတော့ ဘဝမှာ အမှတ်တရတွေနဲ့ ပြည့်လို့ နေတတ်ပါတယ်။ တစ်ဦးတည်းသော သားသမီးတွေထက် မောင်နှမရှိတဲ့သူတွေက ပိုပြီး ပျော်ရွှင်လွမ်းမောစရာ အမှတ်တရတွေ ပြည့်လို့ နေပါတယ်။ အစ်ကိုတွေ အစ်မတွေနဲ့ ပတ်သတ်ပြီး အငယ်တွေက အမှတ်တရ ရှိတတ်ကြသလို အငယ်တွေနဲ့ ပတ်သတ်ပြီး အစ်ကိုတွေ အစ်မတွေကလည်း အမှတ်တရတွေ ရှိလို့ နေပါတယ်။ ဒါကြောင့်လည်း မောင်ရှိတဲ့ အစ်မတွေမှာ

တော့ ဒီလိုမျိုး ခံစားချက်တွေ ရှိလို့နေတတ်ပါတယ်။

(၁) ချစ်ရတယ်

ကိုယ့်ထက် ငယ်တဲ့ ကလေးလေးတစ်ယောက် မိသားစုဝင် ဖြစ်နေတာ အကြီးတွေအတွက်တော့ ချစ်စရာ ဖြစ်နေတာပါပဲ။ ကိုယ့်ထက် ငယ်တယ်ဆိုတဲ့စိတ်နဲ့ အမြဲတမ်း အချစ်ပိုနေရတာပါ။ ကိုယ့်မျက်စိရှေ့မှာတင် ကြီးပြင်းလာတာကို ကြည့်ရင်းနဲ့လည်း မောင်လေးကို အချစ်ပိုနေရသလို ဒါ မောင်လေးဆိုပြီး သူငယ်ချင်းတွေကို ကြွားရင်း ချစ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။

(၂) စိတ်ပူရတယ်

ကိုယ့်ထက် အငယ်မို့ အကြီးတွေက စိတ်ပူရတာ ထုံးစံပါပဲ။ ဘာပဲလုပ်လုပ် လုပ်တတ်ပါ့မလား အဆင်ပြေပါ့မလား အရိပ်တကြည့်လိုက်ကြည့်တတ်တာလည်း အစ်မတွေပဲ ဖြစ်ပါတယ်။ အပြင်ထွက်ရင်လည်း စိတ်ပူရတတ်ပြီး သူငယ်ချင်းတွေကြား မျက်နှာငယ်ရမလား စာတွေ လိုက်နိုင်လားလို့လည်း စိတ်ပူပြီး တိတ်တဆိတ်စောင့်ကြည့်တတ်ကြပါသေးတယ်။

(၃) ဘာလိုလဲ ဖြည့်ဆည်းပေးချင်တယ်

အစ်မဆိုတဲ့သူတွေက အမြဲ အငယ်တွေအတွက် တွေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်မောင်လေး ဘာများလိုအပ်မလဲ လိုက်ကြည့်တတ်သလို လိုချင်တာတွေ ပူဆာလာရင်လည်း ဝယ်ပေးချင်ကြသလို ဝယ်ပေးနိုင်ရင် ဘာမှမကြည့်တော့ပဲ ဝယ်ပေးလိုက်ကြသူတွေလည်း ဖြစ်ပါတယ်။ မောင်လိုအပ်တာတွေ ဖြည့်ဆည်းပေးချင်ပေမယ့် ကိုယ့်တာဝန် ကိုယ်မယူနိုင်မှာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်။

(၄) တာဝန်ရှိတယ်လို့ ယူဆတယ်

ကိုယ်က အစ်မဖြစ်နေတာကြောင့် သူ့အပေါ် ဂရုစိုက်ဖို့ အစ်မတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ ခံယူထားသူတွေပါ။ မောင်ဖြစ်သူရဲ့ ကိစ္စအဝဝကို လုပ်သင့်တာ လုပ်ပေးဖို့ သူ့မှာလည်း တာဝန်ရှိတယ်လို့ ယူဆထားပြီး မောင်ဖြစ်သူကို ပံ့ပိုးတတ်သူတွေလည်း ဖြစ်ပါတယ်။

(၅) တစ်ခုခု လမ်းလွဲသွားမှာကို စိုးရိမ်တယ်

ကိုယ့်ထက် ငယ်ပေမဲ့ လူငယ်ချင်း ရွယ်တူချင်းမို့ မျက်ချေမပြတ် လိုက်ကြည့်တတ်တာ အစ်မတွေပဲ ဖြစ်ပါတယ်။ မောင်ဖြစ်သူရဲ့ အပေါင်းအသင်းတွေ အခြေအနေကိုလည်း တိတ်တဆိတ် စုံစမ်းတတ်သလို စာရော လုပ်ရဲ့လား ကျောင်းရော ပုံမှန်တက်ရဲ့လား ဘဝအတွက် အိပ်မက်ရော ရှိရဲ့လားတွေးရင်း လမ်းမှားရောက်သွားမှာကို တွေးပူနေတတ်တဲ့သူတွေလည်း ဖြစ်နေပါတယ်။

(၆) ပိုကြိုးစားဖြစ်တယ်

ကိုယ့်အောက်မှာ အငယ်ရှိတဲ့အတွက် ကိုယ်က ပိုပြီး စံပြဖြစ်အောင် ကြိုးစားနေရမယ်လို့ တွေးထားတတ်ကြပါတယ်။ ဒါ့အပြင် မောင်ဖြစ်သူအတွက်လည်း ပံ့ပိုးပေးနိုင်ဖို့ သူလိုအပ်တာတွေကို ဝယ်ပေးနိုင်ဖို့ ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတဲ့ စိတ်နဲ့ ပိုလည်း ကြိုးစားနေတတ်သူတွေပါ။

(၇) ကိုယ့်အတွက် မစဉ်းစားဖြစ်ဘူး

မောင်ဖြစ်သူကို အမြဲ ဂရုစိုက်နေသလို အိမ်ကိုလည်း ဂရုစိုက်တတ်တာ သမီးမိန်းကလေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ကိုယ်တောင် မစဉ်းစားဖြစ်တဲ့အခါတွေ ရှိပါတယ်။ ကိုယ်လိုအပ်တာထက် ကိုယ့်မောင် လိုအပ်တာတွေကို ဦးစားပေးတတ်သူ ဖြစ်တာကြောင့် အနစ်နာခံတတ်တဲ့ အစ်မကြီးတွေပဲ ဖြစ်ပါတယ်နော်။

တစ်ခါတစ်လေ ဝန်လေးတယ်လို့ ခံစားရပေမယ့် ချစ်တော့လည်း အချစ်ပိုပြီး သူ့တို့ကိုပဲ စိတ်ထဲ ရှိနေတတ်ကြတာလည်း အစ်မတွေရဲ့ ချစ်စရာ အချက်တစ်ချက် ဖြစ်ပါတယ်နော်။

Leave A Reply

Your email address will not be published.

error: Content is protected !!