တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သြဂုတ်၉ ရက်နေ့တွင် ထုတ်ပြန်မည် …
ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ(လုံးဝ)ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ Website များတွင် ကြည့်ရှုနိုင်ရန်စီစဉ်ထား
ကျောင်းသား၊ကျောင်းသူ ၉၁၀၂၇၃ဦး ဝင်ရောက်ဖြေဆိုခဲ့သော ၂၀၂ဝပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သြဂုတ်၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။

ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ (အားလုံး) တို့ထံ ပေးပို့လိုက်သော
၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကြေညာခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက်အရ သိရခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည် ဝန်ကြီးဦးနိုင်ငံလင်းက Myanmar Harp ကို ဟုတ်မှန်ကြောင်း အတည်ပြုပေးသည်။
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ(လုံးဝ)ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ Website များတွင် ကြည့်ရှုနိုင်ရန် (၉-၈-၂၀၂၀)ရက်နေ့၊ နံနက်(ဝဝး၃၀)နာရီမှစတင်၍ အသိပေးထုတ်ပြန်ကြေညာမည်ဟုသိရသည်

သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းကြည့်ရှုနိုင်ရန်အတွက် သတင်းစာများ၊ မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်တို့မှတစ်ဆင့် အသိပေးထုတ်ပြန်မည့် အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့ဆောင်ရွက်သွားမည်ဖြစ်၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်
လူအုပ်စုမဖြစ်ပေါ်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီတန်းရေး သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းစီမံဆောင်ရွက်ရန်လည်း ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက လမ်းညွှန်ထားကြောင်းသိရသည်။