Latest Breaking News & Headlines

ဦးသန့်ရေးခဲ့သော “သူငယ်နာမစင်သေးသော ကျနော်တို့လူမျိုး”…

117

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဦးသန့်ရေးခဲ့သောစာ ဖြစ်ပါသည်။Oh! We Burmans by Maung Thantကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင်ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။

ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေကဝနိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။

‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘဝအထိ ပါလာတော့သည်။ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။

ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။မိမိအောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘဝင်စိတ်ပင် ဖြစ်ပါသည်။‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ဝတ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။

ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင်ဝင်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ဝါဝါဝင်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။

စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘဝမှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။ကျွန်ုပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။နိုင်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။ကျွန်ုပ်တို့ဟာသက ရိုးတာသည်။

ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။ကျွန်ုပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌဌိတွေ ဖြစ်ဖို့များသည်။မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။

ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။

သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။‘ဦးချမ်းသာနဲ့ ဒေါ်ပိုက်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!