၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၁၃၁)ဦး ဝင်ရောက်အရွေးချယ်ခံမည်…
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၁၃၁)ဦး ဝင်ရောက်အရွေးချယ်ခံမည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၁၃၁)ဦး ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂) ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဇူလှိုင် ၂၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း (၁၁၃၁)ဦး ဝင်ရောက်အရွေးချယ်ခံပါမယ်။ လက်ရှိကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်း ပြန်ပါပါတယ်။ ၂၀ ရာခိုင်နှုန်းကတော့ အကြောင်းကြောင်းတွေကြောင့် အသစ်တွေနဲ့ အစားထိုး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။