Latest Breaking News & Headlines

မြန်မာ့ရုပ်ရှင်​လောက၌ ရာစုနှစ် အ တွင်းအထင်ရှားဆုံးထိပ်တန်းရုပ် ရှင်မင်း သားကြီးများအနက် တစ်ဦးဖြစ် သူမင်းသားကြီး​ထွန်း​ဝေ

97

မြန်မာ့ရုပ်ရှင်​လောက၌ ရာစုနှစ်အတွင်းအထင်ရှားဆုံး ထိပ်တန်းရုပ်ရှင်မင်းသား ကြီးများအနက်တစ်ဦးဖြစ်သူမင်းသားကြီး​ထွန်း​ဝေ

မင်းသားကြီး​ထွန်း​ဝေသည်မြန်မာ့ရုပ်ရှင်​လောက၏ထိပ်တန်းရုပ်ရှင် မင်းသားကြီးများ အနက် တစ်ဥိးအပါအဝင်ဖြစ်ပြီး ၁၉၅၇တွင်”ဗိုလ်မြဒင်”ဇာတ်ကား၊ ၁၉၅၉တွင် “ကကြီးရေက ” ဇာတ် ကား နှင့် ၁၉၈၃တွင်”တတိယအရွယ်၏ ဒုတိယ ဝေဒနာ ” ဇာတ်ကားတို့ဖြင့် အကယ်ဒမီ ၃ဆု ကိုဆွတ်ခူးရရှိခဲ့သူရုပ်ရှင်မင်းသားကြီးဖြစ်သည်။

မြန်မာ့ရုပ်ရှင်​လောကတွင် မင်းသားထွန်းဝေနှင့် မင်းသားမြတ်လေးတို့အား “စကားပြောကောင်း သည့် မင်းသားများ” ဟုလည်း​လေး​လေးစားစားဆိုစမှတ်ပြုကြသည်။

ရုပ်ရှင်​လောကသားများ​လေးစား​သောမင်းသားကြီးဦးထွန်း​ဝေကို​” ငြိမ်းချမ်းရေးသမား” ၊” ဒီမို က ရေစီတိုက်ပွဲခေါင်းဆောင် ” ဟုစာ​ရေးဆရာ​မောင်စွမ်းရည်က မင်းသားကြီးဦးထွန်း​ဝေအ​ကြောင်း ​​ရေးသည့်ဆောင်းပါးတစ်ပုဒ်၌ဆိုညွှန်းခဲ့သည်ကိုဖတ်ခဲ့မှတ်ခဲ့ရဖူးသည်။

” ငြိမ်းချမ်းရေးသမား၊ ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင် ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ” ဟူ၍စာ​ရေးဆရာ​ကြီးမောင်စွမ်းရည်​​ရေးသား​သောအဆိုပါ​ဆောင်းပါး မှာ ​မင်းသားကြီးဦးထွန်းဝေ၏ အနုပညာ​သည်ဘဝကိုသာမက နိုင်ငံ​ရေးဖြတ်သန်းမှုကိုပါမီးမောင်းထိုး​ဖော်ညွှန်ထားရာတ ရုတ် ပြည်၊ ရှန်ဟိုင်း မှာ မွေးဖွားခဲ့သူဖြစ်ကာငယ်စဥ်အခါက တရုတ်ပြည်သူ့တပ်မတော်မှာ အမှုထမ်း ခဲ့ဖူးသူဖြစ်​ကြောင်း၊

အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးမော်စီတုန်း တို့ရဲ့ ပြည်သူ့တပ်မတော်မှာ စစ်မှုထမ်းရန် ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်း ကြောင်း၊ဗမာပြည်မှာ ဦးထွန်းဝေ နေခဲ့တာက “ပေါက်ခေါင်း” ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်းနဲ့အိမ်းနီးချင်းဖြစ်​ကြောင်းလည်းသိရသည်။

ဤမျှမြန်မာစစ်စစ်​တွေထက်ပင်မြန်မာမှု​ရေးရာနှံစပ်သူ မြန်မာစကား​ပြော​ကောင်းသူ ရုပ်ရှင်မင်း သားကြီးသည် တရုတ်ပြည်ဖွားစစ်စစ်ကြီးဖြစ်သည်ဟုမည်သို့မှ ယုံနိုင်စရာမရှိဟုအံ့သြရ​သည်။

ထိုသို့ မင်းသားကြီးဦးထွန်း​ဝေ၏ ဘဝဖြတ်သန်းမှုအ​ပေါ်အံ့သြရမှုနှင့်အတူစိတ်ဝင်စားမိခဲ့ရ၍ ပရိသတ်တို့လည်းစိတ်ဝငိတစားသိရှိလိုကြမည်ဟုယုံကြည်ကာစာ​ရေးဆရာ​ကြီးမောင်စွမ်းရည်​​ရေး​ရေးသားခဲ့သည့် “ငြိမ်းချမ်းရေးသမား၊ ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင် ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ” ​ဆောင်းပါးမှ ကောက်နုတ်​ချက်တစ်ချို့ကို အ​လေးထားကိုးကား ဖော်ပြလိုက်ရ ပါသည်။

သူဟာ မူလက သတင်းစာသမား၊ သတင်းထောက် တယောက်ပါ။ “ဇင်မင်းပို” ခေါ် တရုတ် သတင်းစာ ရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်တော့လဲ မန္တလေးမှာ အကြာကြီး နေခဲ့ တာကြောင့် သူ့ကို မန္တလေးသား အဖြစ် ထင် မှတ်ကြတာ တွေ့ရဖူးပါတယ်။ သူရုပ်ရှင်လောကကို၀င်တော့ကျနော်တို့အလယ်တန်း ကျောင်း သား အရွယ်လောက်ပဲရှိပါသေးတယ်။

သာဓုရဲ့၀တ္ထု “တဇောက်ကန်း” ထင်တယ်။ တဇောက် ကန်း ၀တ္ထုကို “ဗိုလ်မြဒင်” အမည်နဲ့ ရုပ်ရှင်ရိုက်တော့ မင်းသား ထွန်းဝေကို ပရိတ်သတ် စွဲခဲ့ ပါတယ်။

ဦးထွန်းဝေဟာ သာမန် သတင်းထောက်တယောက် မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်လို့ ဓာတ်ပုံ သတင်းထောက် အဖြစ်လဲ လူသိများပြီး “ဓာတ်ပုံဆရာ” လို့ ခေါ်လောက်အောင် ကျွမ်းသူ တဦးလဲ ဖြစ်ပါတယ်။

ရုပ်ရှင် ဒါရိုက်တာဖြစ်ချင်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သွားရာက ရုပ်ရှင်မင်းသားအဖြစ် ဒါရိုက် တာတွေက မျက်စိကျတာခံရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်သွားခဲ့ရတာလို့သိရပါတယ်။ကြေးစား ဓာတ်ပုံဆရာ အဖြစ်နဲ့ လူထုစီးကရက်ကုမ္ပ ဏီ ပြက္ခဒိန် မျက်နှာဖုံးတွေဟာ ကိုထွန်းဝေရဲ့ လက်စွမ်းပြတွေ ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ အထူးအမှတ် တရ ဖြစ်ခဲ့ရတဲ့ ဓာတ်ပုံ ကတော့ “ကွမ်းအစ်တလုံး ယောင်တထုံး” နဲ့ ဒူးတဖက်ထောင်၊ တဖက်ချ ထိုင်နေတဲ့ အဖိုး သခင်ကိုယ်တော်မှိုင်း ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ “ကွမ်းအစ်တလုံး၊ ယောင်တထုံးနဲ့ ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်န်နီ နဲ့ ယောဂီပုဆိုး၊ မင်ကြောင်ထိုးနဲ့၊ အဖိုးကဝိ ပညာရှိ” စတဲ့ တင်မိုးရဲ့လက်ရာမွန် “အဖိုးကဝိ” ကဗျာဟာ ဓာတ်ပုံ ဆရာ မင်းသားထွန်းဝေရဲ့ လက်ရာမွန် ဓာတ်ပုံနဲ့ တွဲဖက် ဖြစ်ပါတယ်။ “တင်မိုး” က “ထွန်းဝေ” ရဲ့ ဓာတ်ပုံကို ကြည့်ရှု့ခံစားပြီး ကဗျာဖွဲ့ခဲ့ တာပါ။

သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်’ရန်ပုံငွေရှာဖို့ ပို့စကတ် ထုတ်တော့လဲ မင်းသား ထွန်းဝေရဲ့ ဓာတ်ပုံ တွေနဲ့ ပေါ်ဦးသက်ရဲ့ ပန်းချီတွေကို အသုံးပြုခဲ့ ပါတယ်။ ကျနော်က ကဗျာလေး ရေးခဲ့ရလို့ ကိုထွန်းဝေနဲ့ ကျနော်နဲ့လဲ တွဲခဲ့ရတယ်လို့ အမှတ်တရ ဖြစ်ရပါတယ်။

ဦးထွန်းဝေ ရုပ်ရှင်လုပ်ငန်း လုပ်တော့ “ရန်ကင်းရုပ်ရှင်” လို့ ကုမ္ပဏီနာမည် ခံပါတယ်။ မြို့ထဲက ကုန်သည်လမ်းပေါ် မှာ တိုက်ခန်း တခန်း ၀ယ်ထားပြီး ရုံးခန်း ဖွင့်ထားပါတယ်။

သူ့ကို “လေးလေး” လို့ခေါ်ကြပါတယ်။ ဦးထွန်းဝေရဲ့ အိမ်က “ပြည်သာယာဘောက်ထော်” ဘက်မှာပါ။ သူ့အိမ်၀င်းမှာ အုတ်နံရံ ကာထားပြီး၊ အတွင်းဘက်က တိုက်ကပ်ပင်လေးတွေ စိုက်ထား ပါတယ်။ ဂိတ်ပေါက်ကို တရုတ်ပုံစံ အဝိုင်းကြီး လုပ်ထားပါတယ်။ ဧည့်ခန်းမှာ ပန်းချီကျော်တွေရဲ့ လက်ရာတွေ ချိတ်ထားပါတယ်။ အိမ်၀င်း ထဲမှာ ကျောက်စရစ် အလုံးလေးတွေ ခင်းထားပါတယ်။

အဲဒီ ရပ်ကွက်ထဲမှာ ပန်းချီ ၀င်းဖေ၊ သားဂျာနယ်ကျော် မိုးဟိန်းနဲ့ ကာတွန်းမြင့်သိန်းတို့ အိမ်တွေ ရှိပါတယ်။

ဦးထွန်းဝေရဲ့အိမ်ကတော့ လမ်းကြုံလို့ ထွက်ခလုတ် ၀င်ခလုတ် ပါပဲ။ ဦးထွန်းဝေရဲ့အိမ်နဲ့ တစ်ခေါ်တောင် မဝေးတဲ့ အရှေ့ဖက် နားမှာ ဦးထွန်းဝေရဲ့ အလုပ်ရုံ ရှိပါ တယ်။ အသွားအပြန် ဦးထွန်းဝေကို မြင်တိုင်း ၀င်သွားလေ့ ရှိပါတယ်။ အဲ့ဒီမှာ ခြင်ဆေးခွေ (ဆင်ဖြူတော် တံဆိပ်) နဲ့ မြေဖြူတွေ ထုတ်လုပ် ပါတယ်။ ကျနော့်အိမ်မှာ ကလေး ရှိလို့ ဆိုပြီး ခြင်ဆေးခွေ မပြတ်အောင် ပေးလေ့ရှိ ပါတယ်။

ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေ မပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေး စာအုပ်တွေနဲ့ သမိုင်း စာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ တရုတ်ဆေးကျမ်းတွေလဲ လေ့လာ ပါတယ်။

မန္တလေးကို လူထုဒေါ်အမာ မွေးနေ့တိုင်း ကျနော်တို့ သွားကြေ တာ့ ကိုထွန်းဝေနဲ့ အမြဲ ဆုံရပါ တယ်။ သူက သခင်သိမ်းမောင် (ဝါးခယ်မ)၊ သခင်အုန်းမြင့်၊ လေထီး ဦးအုန်းမောင် စတဲ့ ဆရာ သခင်ကိုယ်တော်မှိုင်းရဲ့တပည့်နိုင်ငံရေးသမားတွေနဲ့အတူ ဆုံလာလေ့ရှိပါတယ်။ ဦးထွန်းဝေ ဟာလူထုဒေါ်အမာကို ချစ်ခင်လေးစားသူဖြစ်ပါတယ်။ လူထုတိုက်ကိုသွားရင် ဒေါ်ဒေါ့်ရှေ့မှာ ဦးထွန်းဝေ ဟာ မောင်ငယ်လေးလို ပါပဲ။

ဦးထွန်းဝေဟာ ရှစ်လေးလုံး အရေးတော်ပုံ မှာတော့ လူထူရှေ့ကို ထွက်လာခဲ့ ပါတယ်။ ဒေါ် အောင် ဆန်းစုကြည် လူထု ရှေ့မှောက်ကို ထွက်တဲ့ ရွှေတိဂုံ ကုန်းတော် တရားပွဲနဲ့ ဒေါ်ခင်ကြည်ရဲ့ စျာပန အခမ်းအနား တို့မှာ ဦးထွန်းဝေက ဒေါ်အောင်ဆန်း စုကြည်ရဲ့အစ်ကိုကြီး သဖွယ် ရှေ့က မားမား ရပ်ပြီး သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။

ပြည်သူများနဲ့ ဒီမိုကရေစီသမား များက မင်းသားကြီးကို ပိုမို ချစ်ခင် လေးစားလာ သလောက် အစိုးရ ကတော့ ပိုမိုငြိုငြင် လာခဲ့ပါတယ်။

မင်းသားကြီးဟာ နိုင်ငံရေး လောကထဲကိုတော့ ၀င်မလာခဲ့ ပါဘူး။ သူ့မွေးနေ့မှာတော့ ဒေါ်အောင် ဆန်းစုကြည်ကတဦးတည်း သွားကန်တော့ခဲ့ ပါတယ်။ သူ့မွေးနေ့ရယ်လို့ မင်းသားကြီးကအထူး မလုပ်ပါ။

ဦးထွန်းဝေဟာ စာပေ၊ ပန်းချီ၊ ဓာတ်ပုံစတာတွေကို ဝါသနာပါ ပါတယ်။ ဒါကြောင့် စာပေသမား တွေ၊ အနုပညာသမားတွေ အနားမှာ တရစ်ဝဲဝဲ ရှိနေတတ် ပါတယ်။ ဒီလူတွေဟာ လွတ်လွတ် လပ် လပ် ပြောဆိုနေ ထိုင်တတ်သူတွေ၊ ဒီမိုကရေစီ သမားတွေ ချည်းပဲ ဆိုတာ အစကတည်းက သိရှိ ခဲ့ပြီးသား ဖြစ်လို့ အစိုးရက ငြိုငြင်ခံရသူတွေဆိုတာလဲ သူ သိပါတယ်။

သူလဲ ဒီလို လူတွေနဲ့ ပေါင်းသင်းလို့၊ ဒီလူတွေနဲ့ အတူ ဒီမိုကရေစီသမား ဖြစ်လို့ တနေ့နေ့မှာ အစိုးရနဲ့ ထိပ်တိုက် ဖြစ်မယ်ဆိုတာ သိပါတယ်။

သူဟာ ပါးနပ် ထက်မြက်သူပါ။ ဒါကြောင့် ခြင်ဆေးခွေနဲ့ မြေဖြူ ထုတ်လုပ်ရေး လုပ်ငန်းတွေကို မိသားစု လုပ်ငန်း အဖြစ် တဖက်က အ​ဆောင် အရန် လုပ်ထားခဲ့ တာပါ။ ဒါကြောင့်လဲ အစိုးရက သူ့ကို ရုပ်ရှင် လုပ်ခွင့် မပေးတော့လဲ စီးပွားရေး အခြေအနေ မပျက်ခဲ့ တာပါ။

စစ်တပ်မဂ္ဂဇင်း ဖြစ်တဲ့ မြ၀တီ မဂ္ဂဇင်းမှာ စာရေးဆရာ တယောက်က “အကယ်ဒမီ ကိုလွန်းပွေ” ဆိုပြီး တိုက်ခိုက်ရေးသားခဲ့ဖူးပါတယ်။ ကျနော်တို့ သိရသလောက်တော့ မင်းသားကြီးဟာ အနုပညာ သိက္ခာ၊ ကိုယ်ကျင့် သိက္ခာ မပျက်ခဲ့ ပါဘူး။

၂၀၀၅ ခုနှစ် သူ ကွန်လွန်ချိန် အသက် (၈၀) ကျော် အရွယ်အထိ ဒီမိုကရေစီဘက်က၊ ပြည်သူ့ဘက်က သွေဖည်ပြီး စစ်အစိုးရကို မျက်နှာချို သွေးခဲ့တာမျိုး မရှိခဲ့ပါဘူး။

ဗိုလ်နေ၀င်းရော၊ ကိုထွန်းဝေရော တရုတ်ဗမာ ကပြားတွေပါ။ ကိုထွန်းဝေက အဖေတရုတ်၊ အမေ ဗမာပါ။ ဗိုလ်နေ၀င်းနဲ့ ဦးထွန်းဝေတို့က အိမ်နီးချင်းတွေ ဆိုတော့ လူ ပုဂ္ဂိုလ်ချင်း ရင်းနှီးတယ်လို့ ဆိုရမှာပါ။ ဦးထွန်းဝေ နာမည်ကျော် ရုပ်ရှင်မင်းသားဖြစ်လာတော့ ဗိုလ်နေ၀င်းက တပည့် မွေးချင်ပုံရ ပါတယ်။

တခါတော့ …လူပရိသတ် ထဲမှာ သွားရင်းလာရင်း နဲ့ ဗိုလ်နေ၀င်းနဲ့ သူနဲ့ မျက်နှာချင်းဆိုင် တိုးမိသတဲ့။

ဒီတော့ ရင်းနှီးတဲ့အနေ နဲ့“ဟေ့ … မောင်ထွန်းဝေ၊ အဆင်ပြေရဲ့လား။ အကူအညီလို တာရှိရင်လာပြော” လို့ လှမ်းပြော သတဲ့။

ဒီတော့ ဦးထွန်းဝေ က “အဆင်ပြေပါတယ်ခင်ဗျ” လို့ပဲ ပြန်ပြောလိုက်မိသတဲ့။

ဗိုလ်နေ၀င်းက ဒါမျိုးမကြိုက်ဘူး။

“ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ချုပ်ကြီးကို ကျနော် လာတွေ့ပါမယ်ခင်ဗျ” လို့ ပျာပျာသလဲ လုပ်မှ ကြိုက်တာတဲ့။

“အဆင်ပြေပါတယ်” လို့ ဖြေလိုက်တာဟာ “အကူအညီ မလိုပါဘူး” လို့ ငြင်းပယ်ရာ ကျတာကြောင့် ဗိုလ်နေ၀င်း စိတ်ခု သွားပုံ ရတယ်လို့ ဦးထွန်းဝေ က ပြောပြဖူး ပါတယ်။

တကယ်တော့ ဦးထွန်းဝေနဲ့ ဗိုလ်နေ၀င်းက ပြဒါးတလမ်း၊ သံတလမ်း ဆိုရမှာ ပါ။ ဦးထွန်းဝေက “တရုတ်နီ” က လာတာ ဆိုတော့ လက်ဝဲဝါဒတွေရဲ့ ဗီဇ ပါလာပုံ ရပါတယ်။

သူ ပထမဆုံး ဆရာတင်တာက ဦးသိန်းဖေမြင့်ပါ။ ဦးသိန်းဖေမြင့်က စာပေ၊ ရုပ်ရှင်၊ နိုင်ငံရေး – သုံးလောကနဲ့ အကျုံး၀င်သူပါ။ ဦးထွန်းဝေက ဦးသိန်းဖေမြင့်ကို အဲ့ဒီလို သုံးလောကရဲ့ ရှေ့တန်း ပုဂ္ဂိုလ်ကြီးအဖြစ်နဲ့ လေးစား ခင်မင်ပုံ ရပါတယ်။ အစိုးရ အရာရှိများနဲ့ အရောတ၀င် နေတယ်လို့ မကြားရဖူးပါဘူး။ ငြိမ်းချမ်းရေး လှုပ်ရှားမှု ဆိုတာကလဲ အစိုးရက ကြိုက်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။

ဦးထွန်းဝေက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာ ခံကို စကားပြန် အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)။ ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဆည်းကပ် ကိုးကွယ်တယ်ဆိုရင်လဲ အစိုးရ ဆန့်ကျင်သူ စာရင်း၀င်လို ဖြစ်လာပြီး ထောက်လှမ်းရေးက နောက်က လိုက်တာ ခံရတတ် ပါတယ်။

ဦးထွန်းဝေဟာ ဦးနေ၀င်းလို့ထိပ်တန်းကြီးကို ချဉ်းကပ်ခဲ့ရင် သည့်ထက် ကြီးပွား မှာပါ။ ဒါပေမဲ့ ပြည်သူ့ အနုပညာရှင်တွေကိုဘယ်တော့မှကျောမခိုင်း ခဲ့ဘဲ ဒီမိုကရေစီသမား အနုပညာရှင် တွေကိုအရိပ်တကြည့်ကြည့်နေခဲ့ပါတယ်။

သူ ကွယ်လွန်သည်အထိယူသွားတဲ့တာ၀န်ကငြိမ်းချမ်းရေး ဖခင်ကြီးသခင်ကိုယ်တော်မှိုင်း ဂေါပက အဖွဲ့၀င် ””အမှုဆောင်တယောက်အနေနဲ့ ပါ၀င်ဆောင်ရွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Leave A Reply

Your email address will not be published.

error: Content is protected !!