Latest Breaking News & Headlines

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် ရရှိရေးအတွက် ဦးစားပေးဆောင်ရွက်…

62

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် ရရှိရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်]လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရည်မှန်းချက်တာဝန်(၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် ပြီးခဲ့သည့်ကာလများတွင် သစ္စာ စီမံချက်ဖြင့် ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုကာလတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် မိမိတို့ဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်မှုများ နှောင့်နှေးရပ်တန့်သွားခဲ့ရကြောင်း။ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုများကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် နိုင်ငံတကာ ဝင်/ထွက်သွားလာမှု ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ခွင့်ပြုလာနိုင်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်များ၊ နယ်စပ်ဂိတ်များအပါအဝင် လူဝင်မှုစစ်ဆေးရေးဂိတ်များ ကိုလည်း ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက် နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ဌာန၏ ဒုတိယရည်မှန်းချက် တာဝန်တစ်ခုဖြစ်သည့် အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူများ အား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်ပြည့် ပြီးသူ စုစုပေါင်း သုံးသိန်းငါးသောင်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်အတွက် ဖွဲ့စည်းထားသည့် ဗဟိုအဖွဲ့သည်လည်း ၂၀၁၆ ခုနှစ် လက်ရှိအစိုးရ စတင်တာဝန်ယူချိန် ကစပြီး ယခုအထိ ဗဟိုအဖွဲ့အစည်းအဝေး (၂၃)ကြိမ် ပြုလုပ်ပြီး စုစုပေါင်း ၁၇၆၈၄ ဦးကို ကိုင်ဆောင်သင့်သည့် သက်ဆိုင်ရာ ကတ်ပြားအသီးသီးကို ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card)များကိုလည်း ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လုပ်ငန်းစတင်ချိန်မှ ယခုနှစ် ဇွန်လကုန်အထိ ၉၈၈၇၀ ကို NV Card ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ်ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းကို မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းညှိနှိုင်း၍ မိမိတို့ ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီတို့အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ် လုပ်ငန်း ဆောင်ရွက်ရာမှာလည်း ပြည်သူလူထု အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ထားကြရန် မှာကြားလိုပါကြောင်း။ကြိုးပမ်းဆောင်ရွက်မိမိတို့ဝန်ကြီးဌာနသည် ဌာန၏ရည်မှန်းချက် တာဝန်များကို အရှိန်အဟုန် မပျက် ဆောင်ရွက်နေရမည် ဖြစ်သကဲ့သို့ ယခုအချိန်တွင် နိုင်ငံအတွက် အလွန် အရေးကြီးပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဆောင်ရွက်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် ရရှိရေးအတွက် လိုအပ်သည့် ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ရရှိရေးကို ဌာန၏ ဦးစားပေးလုပ်ငန်းအဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနေထိုင်သူများသာမက ပြည်ပရောက်မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲစာရင်းတွင်ပါရှိပြီး ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားအမှတ်များ ဖြည့်သွင်းထားခြင်းမရှိသူ များအတွက် ၎င်းတို့၏ ကတ်ပြားအမှတ်များ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေး ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ကာ လုပ်ငန်းအောင်မြင်ရေးအတွက် အလေး ထားဆောင်ရွက်ကြရန်လိုကြောင်း။ထို့ပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲစာရင်းများ ထုတ်ပြန်ကြေညာရာတွင်လည်း ယင်းမဲစာရင်းတွင် ဖြည့်သွင်းရန်ကျန်ရှိနေသည့် ကိုင်ဆောင်လက်မှတ် အမှတ်များကို မိမိတို့ဌာန၏ မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်ဖြည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် များအတွက် မှတ်ပုံတင်ရရှိရေး စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းကို ဦးစားပေးလုပ်ဆောင်သွားကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဦးစီးဌာနရုံးများ၌ လက်ရှိအင်အားပေါ်မူတည်ပြီး လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲကာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် မိမိတို့တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနရုံးများအလိုက် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပြင် အဓိကဦးစားပေးလုပ်ငန်း ဖြစ်သည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်ရရှိ စေရေးအတွက် လိုအပ်သော မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည့်အစီအစဉ်ကို အသေးစိတ်ရှင်းလင်းဆွေးနွေး တင်ပြကြရန် နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေး တင်ပြကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဝန်ထမ်းအားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှု နှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက တင်ပြချက်များ အပေါ် လိုအပ်သည်များကို ဆွေးနွေးသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြကြ ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရင်း ယခု ဦးစားပေးဆောင်ရွက်ရမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!