Latest Breaking News & Headlines

တရုတ် ဆိုတာ အိမ်သာ ထဲက လိမ္မော်သီး ပါ… ( သို့ ) မြန်မာ့ လက်ရှိ အခြေအနေ

205

ကျနော် ဒီနေ့ ရုံးက အိမ်သာ တံခါး ကို ဖွင့်လိုက်တော့ လိမ္မော်သီး တစ်လုံး ကို စက္ကူပုံးပေါ် မှာ တွေ့ တယ် ။ ဘယ်သူက ဘာလို့ အိမ်သာ ထဲ ယူလာ သလဲ ။ မေ့သွားတာ လား။ တမင်ထားခဲ့ တာ လား ။ တွေးစရာတွေက များသား ။ ဒါပေမယ့် ထပ်မတွေးတော့ ပဲ အခန်းထဲက ထွက် ခဲ့ တယ်။ ငါ အခုအချိန် မှာ ငတ်ပြတ် ဆာလောင်နေရင်တော့ ဒီ လိမ္မော်သီးကို စားမှာပဲလို့ ကမန်း ကတမ်း တွေးလိုက် မိသေး တယ် ။

ဒီရက်ပိုင်း သတင်းတွေ မှာ တရုတ် သမ္မတ မြန်မာပြည်လာ မယ့် သတင်း တွေ လျှံနေတယ်။ ကိုယ့်ဌာနအတွင်းက လူတွေ တင်ပြတာပြောမလား၊ တခြား သတင်းဌာနတွေက ဖေါ်ပြတာတွေ ကြည့်မလား။ တရုတ် အစိုးရ အာဘော် မီဒီယာတွေက တိုက်ရိုက်ဖြန့်တာတွေရော တရုတ်ပေးတဲ့ အရိုးအရင်းကို ကိုက်ပြီး မစားရဝမခန်း ဝါဒဖြန့်ပေးနေတဲ့ တခြား မီဒီယာတွေက ပြောဆိုရေးသား နေကြတာတွေရော ။ မိုးဦးကျ ထွက်လာ တဲ့ မှိုတွေ လို အုံကျင်းဖွဲ့လို့။ ရှီကျင်းပင်လာမှာ ကို ဘိုးဘိုးအောင် လာတော့ မယ့် အတိုင်း ဒါမှ မဟုတ် တခါ မှ မမြင်ဖူးတဲ့ ယောက်ခမ က တသက်စား မကုန်တဲ့ အမွေလာပေးတော့မယ့် အတိုင်း ပျော်နေကြ တဲ့ သူတွေကလည်း အများသား ။ အဲဒီ လူတွေထဲမှာ အရင် အစိုးရလက်ထက်က လူတချို့နဲ့ အခု အစိုးရလက်အောက်ခံ လူတချို့လည်းပါတယ်။ တချို့လည်း တရုတ်အစိုးရ အကုန်အကျခံခေါ်ပြီး ကျွေးလိုက်တဲ့ ဘဲကင် ကိုစား၊ မဟာတံတိုင်း ကို တခေါက်လောက် သွားလည်လိုက်ရတာနဲ့ တရုတ်သူဌေး တယောက်ယောက်ကို ယူချင်စိတ် ဒါမှမဟုတ် ကိုယ့်ညီမ နဲ့ ပေးစားချင်စိတ်ပေါက်နေသလား ထင်ရ တယ် ။

တကယ်တော့ ကမ္ဘာပေါ် မှာ ဘယ်အစိုးရမှ ကိုယ့်အကျိုးမရှိတဲ့အလုပ် ဒါမှမဟုတ် အကျိုးမရှိဖူး ထင်တဲ့ အလုပ် မလုပ်ပါဘူး။ တိုင်းပြည်ပိုက်ဆံလေ။ အကျိုးအကြောင်း ရှိမှ ဘတ်ဂျက်ချပေးတာ။ အာဏာရှိတယ်ဆိုပြီး ထင်ရာမြင်ရာ လျှောက်လုပ် တဲ့ အာဏာရှင် အစိုးရတွေက လွဲလို့ သေချာ မှ လုပ်ကြတာချည်းပဲ ။ အခုလည်း ရှီကျင်းပင် ကျောက်ဖြူစီမံကိန်း ကို ကြိုးချည်ဖို့ အဓိကလာတာ လူတိုင်းသိနေကြတာ ပဲဟာ။ အဲဒါ ကို စင်္ကာပူထက် နေ့ချင်း ညချင်း ကြီးပွားတော့မယောင်၊ တရုတ်ပြည်ကနေ မန္တလေးဖြတ်ပြီး ကျောက်ဖြူကို ကားလမ်းနဲ့ ရထားလမ်း ဖေါက်ပြီးရင် မြန်မာတွေ ငွေကိုမီးလှုံကြရတော့မယ့် အလား ပြောနေကြတဲ့ ဘဲကင်စား လူတန်းစားတွေက တမျိုး။ အပေါ်က လူကြီး မျက်နှာလိုက်ကြည့်ပြီး မျက်နှာလို မျက်နှာရ တရုတ် ကို အဆိုးမမြင်ကြနဲ့လို့ အာဘောင်အာရင်း သန်သန်နဲ့ ကိုယ့်ကိုကိုယ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော တဲ့ ဂိုက် ဖမ်းနေတဲ့ လူတွေ က တဖုံ။

တရုတ်နဲ့ မပေါင်းနဲ့လို့ ကျနော်ပြောတာ မဟုတ် ပါဘူး။ ပေါင်းရမှာပါပဲ။ ကျောက်ဖြူစီမံကိန်းကနေ တစုံတရာ အကျိုးရှိမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချင့်ချင့်ချိန်ချိန် ဝမ်းသာကြဖို့နဲ့ ကိုယ်ရနိုင်သမျှ ရအောင် ယူတတ်ဖို့လည်း လိုပါ လိမ့်မယ် ။ တကယ်တော့ ဒီ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ဟာ မူလအစီအစဉ်အရဆိုရင် သီရီလင်္ကာက ဟမ်ဘန်တိုတာဆိပ်ကမ်းလို ကြွေးတင်ကျွန်ဖြစ်မယ့် စီမံကိန်းပါ။ အချိန်မီ လျှော့ချလိုက်နိုင် လို့ သက်သာ သွားတာ ။ အဲဒီ လို မပြင်နိုင်ခင် မှာ ဇွတ်တွန်း ခဲ့ကြသူ တွေ ခြောက်လှန့်ခဲ့သူတွေ တပုံတပင်။ တရုတ်အစိုးရအာဘော် သတင်းစာတစောင် မှာ သဘောတူပြီးသား စာချုပ်တခုကို ဖျက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဘယ်သူမှ စီးပွားရေးလုပ်တော့မှာ မဟုတ်ဖူးလို့ ဖေါ်ပြခဲ့ပါတယ်။

အံ့သြစရာကောင်းတာက တရုတ်နဲ့ ပေါင်းဖို့ ဇွတ်တွန်းနေ တဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပေမယ့် ဘယ် လို ဆိုးကျိုးတွေ ရှိနိုင်တယ် လို့ ထောက်ပြ သတိပေး တဲ့ အသံတွေ တိုးနေခြင်းပါပဲ ။ကျနော် ပြီးခဲ့ တဲ့ နှစ်က မြန်မာနိုင်ငံခြားရေးဌာန အရာရှိတဦးနဲ့ စကားလက်ဆုံကြဖူးတယ်။ မြန်မာပြည်ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ်တချို့ ဆောင်ရွက်ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး သူက အမေရိကန်တွေ အဲဒီလိုလုပ်တာဟာ ကျနော်တို့ကို တရုတ်ရင်ခွင်ထဲ ထိုးထည့်နေတာပဲလို့ ပြောတယ်။

မကြာခင်ကပဲ ကရင်တော်လှန်ရေးခေါင်းဆောင်တဦးက ကျနော့်ကို ပြောတယ် ။ ရွှေကုက္ကိုမြို့သ စ်ဟာ ကျနော်တို့ ကရင် မိန်းကလေးတွေ ပျက်စီးနိုင်တယ်တဲ့။ ဒီနေ့ပဲ လုပ်ဖေါ်ကိုင်ဖက်တဦးက ပြောသေးတယ်။ မဒေးကျွန်းမှာ မြန်မာ အမျိုးသမီးတွေ တရုတ်တွေရဲ့ လပေး မယားဖြစ် နေကြတယ် တဲ့ ။ ပညာရှိတွေ ဒီအကြောင်း မသိကြတာလား။ သိရင်ကော ဒါမျိုးဆိုတာ သဘာဝပဲလို့ အလွယ်ပြောကြမှာ လား။ မြန်မာ မိန်းကလေးတွေ တရုတ်မယား အဖြစ် သားဖေါက်ဖို့ ရောင်းစားခံနေရတာကော။

ကချင်ပြည်နယ်နဲ့ ဝဒေသက စျေးကြီးလှတဲ့ ရှားပါး သတ္တု (Rare Earth) တွေကို တရုတ် ကုမ္ပဏီတွေက ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ခိုးတူး၊ တရုတ်ပြည်ကို တရားမဝင် ခိုးသွင်းနေတာတွေကို တရုတ်အစိုးရ မသိဖူးလို့ ထင်ကြ လား ကိုယ့်လူတို့။ အရေး ယူတာကြားရင် ကျနော် တို့ ပြောကြပါဦး။ သတင်းလွှင့်ရအောင်။

နောက်ပြီး ဆွေမျိုးပေါက်ဖေါ်ခေါ်ပြီး ပြေးဖက် ရအောင်လည်း လက်တွေ့ မှာ တစ်ရှူးငှက်ပျော နဲ့ ဖရဲခင်းတွေ မုံရွာကြေးစင်တောင် လုပ်ငန်းတွေကနေ ကျနော်တို့ လူထု ဘယ်လောက် အကျိုးရှိနေပြီလဲဆိုတာလည်း တိုက်ပုံဝတ် ပုဝါချနေသူတွေ သွားကြည့်ကြပါဦး။ မနေ့ကတင် သတ္ထုတွင်းကြောင့် မြေအောက်ရေပျက်ပြီး သောက်ရေ သုံးရေ အခက်တွေ့တဲ့ ရွာသားတွေ ထအော်ကြသေးတယ်။ အစီရင်ခံစာကော ဘယ်လောက် အကောင်အထည် ဖေါ်နိုင်ပြီလဲ။

ငယ်ငယ်ကဖတ်ဖူးတဲ့ ဆရာသော်တာဆွေ ရဲ့ ဝတ္ထုတပုဒ် ကို သတိရတယ်။ တော်လှန်ရေးသမား တစ်ဦးက ဖက်ဆစ်ဆန့်ကျင်ဖို့ အိန္ဒိယမှာ အင်္ဂလိပ်တွေပေး တဲ့ သင်တန်း ကို သွားတက်တယ်။ ပြီးတော့ သူတို့ လူတစု လေထီး နဲ့ မြန်မာပြည်တနေရာ ကို ဆင်းတယ်။ အဲဒီနားက ရွာ မှာ အင်္ဂလိပ် စစ်သုံ့ပန်းတွေ ကို ဂျပန်က လေယာဉ်ကွင်းဆောက်လုပ်ရေး အတွက် ရိုက်နှက် ခိုင်းစေနေ တယ်။ အတိုချုပ်ပြောရရင် စခန်းက ဂျပန်တွေ ကိုသတ်ပြီး သုံ့ပန်းတွေ ကို လေယာဉ်တွေနဲ့ မဟာမိတ်တွေ ကယ်နိုင် ခဲ့တယ်။ သူလည်း အိန္ဒိယကို ပြန်ပါသွားတယ်။ အင်္ဂလိပ် ထံက ဆုတွေ ရတယ်။ ဒါပေမယ့် စစ်ပြီး လို့ အိမ်ထောင်ပြုတော့မယ် ဆိုပြီး ရွာပြန်သွားတော့ သူ့ရည်းစားက ယောက်ကျင်္ား နဲ့ ကလေးတောင် ရနေပြီ။ သူ့အပေါ်သစ ္စာရှိချင်ပေမယ့် ဂျပန် ရန်ကြောက် လို့ အမေပေးစား တဲ့ တခြားသူ ကို ယူလိုက် ရပြီတဲ့။ အဲဒါနဲ့ သူ ဂျပန်လေယာဉ်ကွင်းဆောက် တဲ့ ရွာ ကို ပြန်သွား တယ် ။ အဲဒီရွာက သူကြီးအိမ် မှာ ဆွေမျိုးအဖြစ် ဟန်ဆောင် နေခဲ့စဉ်မှာ သူကြီး သမီးလေး က သူ့ကို တိတ်တခိုးကြိုက်နေ ခဲ့တာကိုး။ ရွာသားတွေက ပြောတယ် ။ ခင်ဗျား တို့ အဲဒီညက လေယာဉ်ပျံတွေ နဲ့ ပြန်သွားကြပြီး နောက်တနေ့မှာပဲ တခြားရွာက ဂျပန်စစ်တပ်ရောက် လာပြီး ခင်ဗျားတည်းခို ခဲ့တဲ့ သူကြီး မိသားစုတစုလုံးကို လှံစွပ် နဲ့ ထိုးသတ်သွား ခဲ့တယ်။ ကလေးမလေးက ခင်ဗျား နံမည်ကို ခေါ်ရင်း သေသွားတယ်တဲ့။ အဲဒီမှာ တော်လှန်ရေးသမား က အရက်သမားဖြ စ်၊ နောက် မူးရင်းကားမောင်း လို့ ကားချင်းတိုက် ဆေးရုံရောက်ပြီး ဆရာသော်တာဆွေ နဲ့တွေ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ကျနော် ပြောချင်တာကတော့ တချို့ကိစ္စတွေ မှာ ကိုယ်က အနိုင်ရပြီ ဆိုပြီး သိပ်ပျော်မနေ ပါနဲ့။ အဲဒီ အချိန်မှာ ကိုယ့်ရည်းစား သူများ နဲ့ ညားနေတာ ကို ဒါမှမဟုတ် ကိုယ့်ကြောင့် တခြားလူတယောက် အသက်ပေး လိုက်ရတာကို နောက်ကျ မှ သိရတတ်ပါတယ်။

တကယ်တော့ တရုတ် နဲ့ပေါင်းရင်ကောင်းမယ် လို့ မျက်စိမှိတ် ပြောနေကြသူ အများစု ဟာ တရုတ်နဲ့ပေါင်းလို့ နောင်တချိန် မှာ တိုင်းပြည်ဒုက္ခရောက်ခဲ့ မယ် ဆိုရင် သူတို့ကို အပြစ်တင် ဖို့တောင် ရှာလို့ ရ မှာ မဟုတ်ပါဘူး။ အဲဒီ အချိ န်မှာ သူတို့အားလုံး သေကုန်လောက်ပါပြီ ။ သက်သေ လုပ်မယ့် ကျနော် တို့လည်း ရှိတော့ မှာ မဟုတ်ပါ။ အဲဒီကာလ မှာ ခါးစည်းခံကြရမှာက မျိုးဆက်သစ်တွေ ။ နောက်လာနောင်သားတွေ အတွက် လည်း ထည့်တွက်ပြီး ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ကိုင်ကြပါ သုခမိန်အပေါင်း တို့။

ကျနော့်အမြင်အရ ဆိုရင်တော့ တရုတ်ဟာ အိမ်သာထဲ မှာ တွေ့ရတဲ့ လိမ္မော်သီးပါ ။ မလွဲသာ လို့ စားရမယ် ဆိုရင်တောင် တတ်နိုင် သမျှ ရေစင်စင်ဆေး ဖို့တော့ လိုပါလိမ့်မယ်။ ဟုတ်ကဲ့ လက်ရှိမြန်မာပြည် ရဲ့ အခြေအနေကတော့ မလွဲသာတဲ့ အခြေအနေမျိုး ပါပဲ။

Leave A Reply

Your email address will not be published.

error: Content is protected !!