Latest Breaking News & Headlines

မူလတန်းအဆင့် အတန်းအားလုံး ဖွင့်ပြီးမှ မူကြိုကျောင်းတွေ ပြန်ဖွင့်မည်

117

လက်ရှိမှာ မူကြိုကျောင်းတွေ ကို ဇူလိုင် ၃၁ ရက်အထိ ပိတ်ထားတာပါ။ အခြေခံပညာမူလတန်းအဆင့် အတန်းအားလုံး ဖွင့်လှစ်ပြီးမှ အစိုးရနဲ့ ပုဂ္ဂလိက မူကြိုကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်မယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက Duwun ကိုပြောပါတယ်။ လက်ရှိမှာ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ် ထားတဲ့ မူလတန်းကြိုကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းတွေနဲ့ နေ့ကလေးထိန်းကျောင်းတွေကို ဇူလိုင် ၃၁ ရက်အထိ ပိတ်ထားမှာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကို ကြိုတင်ကြေညာမယ်လို့လည်းဆိုပါတယ်။

“ ကိုဗစ်ကန့်သတ်ချက်အမိန့်အတိုင်းပဲ ဇူလိုင် ၃၁ ရက်အထိပဲ ကျွန်မတို့ မူကြိုကျောင်းတွေကို ဆက်ပိတ်ထားဦးမှာပါ။ ပညာရေးဝန်ကြီးဌာနက မူလတန်းကျောင်းတွေ ပြန်ဖွင့်ပြီးမှ မူကြိုကျောင်းပြန်ဖွင့်ပါမယ်။ မူလတန်းကျောင်းတွေ ဖွင့်ပြီးတဲ့အထိ ကျွန်မတို့ စောင့်ပါဦးမယ်” လို့ ဒေါ်စန်းစန်းအေးက ပြောပါတယ်။

အခြေခံပညာ အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်းတို့ကို သြဂုတ်လအတွင်းပြန်လည်ဖွင့်လှစ်သွားမယ်လို့လည်း ပညာရေး ဝန်ကြီးဌာနက ကြေညာ ထားပါတယ်။ ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကိုဗစ် နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်၊ အမိန့်ကြေညာစာတွေကို ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာခဲ့ရာမှာ မူကြိုကျောင်းတွေ ကိုလည်း ဆက်လက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အစိုးရ ၊ ပုဂ္ဂလိက နေ့ကလေး ထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေ ကို COVID-19 ရောဂါအခြေအနေကြောင့် မတ်လ ၁၆ ရက်ကတည်း ပိတ်ထားခဲ့တာဖြစ်ပြီး အခုဆို ၄ လအထိ ရှိလာ ခဲ့ပြီလည်းဖြစ်ပါတယ်။

Duwun

Leave A Reply

Your email address will not be published.

error: Content is protected !!