Latest Breaking News & Headlines

ကွယ်လွန်သူတွေထဲ သံသယရှိသူတွေကို ကိုဗစ်ဓါတ်ခွဲစစ်ဆေးနေ…

154

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ တရက်တည်းမှာတင် ၃၀ အထိ ရှိခဲ့တဲ့အထဲမှာ ထက်ဝက်ဟာ ကွယ်လွန်ပြီးမှ ဆေးရုံရောက်လာသူတွေဖြစ်ပြီး ရောဂါထိန်းချုပ်ဖို့ ခြေရာကောက်စစ်ဆေးရာက အတည်ပြုနိုင်ခဲ့တာလို့လည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေကို အတည်ပြုထားတဲ့အထဲမှာ မနေ့တုန်းက ထပ်တိုးလာတဲ့ ၃၀ အနက် ထက်ဝက်ဟာ ကွယ်လွန်ပြီးမှ ဆေးရုံရောက်လာကြတာပါ။ မကွယ်လွန်ခင်မှာ ကိုဗစ်ရောဂါလက္ခဏာ ရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး၊ ရောဂါကူးစက်မှုကို ထိန်းချုပ်ရာမှာ ထိတွေ့ဆက်ဆံခဲ့သူတွေကို ခြေရာခံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ကွယ်လွန်သူတွေကိုပါ စစ်ဆေးရတာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“သေဆုံးတဲ့သူတွေတိုင်းကို ကိုဗစ်စစ်တာ မဟုတ်ပါဘူး။ သေဆုံးတဲ့အခါမှာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ မသေခင်က အိမ်မှာဖျားတာ ငါးရက်၊ ခြောက်ရက်၊ တပတ်လောက်ကြာတယ်၊ ချောင်းဆိုးတယ်၊ မောတယ်၊ အသက်မရှူနိုင်ဘူး၊ အနံ့မရဘူး စတဲ့ ကိုဗစ်နဲ့ဆိုင်တဲ့ လက္ခဏာတွေရှိနေတဲ့ ရောဂါရာဇဝင်ရှိတဲ့သူကိုသာ စစ်တာဖြစ်ပါတယ်။ သေတဲ့သူကတောင် သေနေပြီ၊ ဘာဖြစ်လို့စစ်တာလဲ – စစ်ရတဲ့ရည်ရွယ်ချက် နောက်မှာရှိပါတယ်။

အရေးကြီးတဲ့ရည်ရွယ်ချက်က သူသာ Positive ဖြစ်တယ်ဆိုရင် သူ့ရဲ့မိသားစုဝင်တွေဟာ Close Contact ဆိုတဲ့ အနီးကပ်ထိတွေ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့မိသားစုဝင်တွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးပြီးလို့ တကယ်လို့ Positive ဖြစ်တယ်ဆိုရင် သူတို့တွေကို Isolation လို့ခေါ်တဲ့ သီးခြားထားရှိမယ်။ ထားရှိပြီးတော့ သူတို့ရဲ့ Contact တွေကို ထပ်ပြီးတော့ လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမတို့အခုလက်ရှိလုပ်နေတဲ့ Contact Tracing မှာ Aggressive Contact Tracing ဖြစ်ပါတယ်။ Contact Tracing ကို ဒီမှာသေသေချာချာ ဂရုတစိုက်လုပ်လို့ရှိရင် အခုလက်ရှိဖြစ်နေတဲ့ ရောဂါထိန်းချုပ်ရေးမှာ အဓိကအရေးကြီးဆုံး အခန်းကဏ္ဍက Cotact Tracing ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့စစ်ဆေးတာ ဖြစ်ပါတယ်။”

အခုသေဆုံးခဲ့သူပေါင်း ၂၅၆ ဦးမှာ အလောင်းအဖြစ်နဲ့ ဆေးရုံကိုရောက်လာသူက ၄၃ ယောက်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တချို့ကတော့ ရောဂါအခြေအနေ ဆိုးတော့မှာ ရောက်လာသူတွေဖြစ်ပြီး၊ ၉၅ ရာခိုင်နှုန်းကတော့ နာတာရှည်ရောဂါသည်တွေ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ သေဆုံးသူတွေထဲက ၅ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာ လုံးဝမပြဘဲ သေဆုံးခဲ့သူတွေ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုအချိန်မှာ ရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ ပိုပြီးသတိရှိကြဖို့ကို အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ သတိပေးလိုက်ပါတယ်။

“အရင်လည်း ကျမတို့ပြောခဲ့ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ အသေအပျောက်ရှိခဲ့တာဟာ ဘာတွေနဲ့ ဆက်စပ်နေသလဲဆိုတော့ အခြေခံကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့လို့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ အခြေခံကျန်းမာရေး အားမကောင်းတဲ့ပုဂ္ဂိုလ်တွေ၊ အခြေခံရောဂါတွေ၊ တခြားရောဂါတွေရှိတာ၊ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကျမတို့ရဲ့ ပြည်သူတွေမှာ ရှိတတ်ပါတယ်။ အဲဒါတွေရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ပိုပြီးတော့ သတိထားရပါတယ်။ ပိုပြီးတော့ ကိုယ်ခံအား မကောင်းလို့ ပိုစိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရောဂါတွေရှိလို့လည်း စောစောက ကျမပြောသလိုပေါ့နော် စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်က အများကြီးဆောင်ပါတယ်။ ကိုယ်တယောက်တည်း မဟုတ်ဘူး၊ ကိုယ်နဲ့တတိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အင်အားမွေးပါ။ ကျမတို့တတိုင်းပြည်လုံးအတွက် ကိုယ်ကလည်း ရုန်းကန်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဒီရောဂါကိုကျော်လွှားနိုင်အောင်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။”

ရောဂါပြန့်ပွားနှုန်းတိုးပြီး ဆိုးရွားနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေပေမဲ့ စျေးတွေမှာတော့ စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို အခုထက်ပိုပြီး လိုက်နာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ အစောပိုင်း ထုတ်ပြန်တဲ့ စာရင်းတွေအရ ကိုဗစ်ရောဂါ ကူးစက်သူ ၁၁,၆၃၁ ဦးရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထဲမှာ စတုတ္ထနေရာမှာရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၂၅၆ ဦးနဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!