မန္တလေးတွင် COVID-19 လူနာများကုသပေးနိုင်ရန် တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်းကို ယာယီ ဆေးရုံအဖြစ် အသုံးပြု သွားမည်ဟုဆို …
မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာများ တိုးလာပါက အတည်ပြုလူနာများ လက်ခံ ကုသပေး နိုင်ရန်အတွက် တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်းတို့တွင် လူနာ ၁၀၀ စီ ထားရှိကုသပေး နိုင်ရန် ယင်းနေရာများကို ဆေးရုံအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က သိရသည်။

“လူနာတွေ ထားရှိဖို့အတွက် နေရာတွေ လိုအပ်လာခဲ့ရင်လည်း အုပ်ချုပ်မှုကိစ္စတွေ၊ ထောက်ပံ့မှုကိစ္စတွေ အလွယ်တကူ ဆောင်ရွက်နိုင်မယ့် နေရာမျိုးတွေကို ရွေးချယ်ဖို့နဲ့ သံသယလူနာများရဲ့ swab နမူနာ ရယူ စစ်ဆေးနိုင်ရေး ကူညီ ဆောင်ရွက်မဲ့ Volunteer Team အဖွဲ့ဝင်တွေကို Swab နမူနာ ရယူရေး သင်တန်း သင်ကြား ပို့ချသွားမယ့် အစီအစဉ် တွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ယခုအခါ အဆိုပါနေရာများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန် ကြားရေးနှင့် သတင်း မှား ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ် သတင်းစောင့်ကြည့်ရေးအဖွဲ့က သိရသည်။ “တိုင်းရင်းဆေးရုံက မူလကတည်းက ဆေးရုံဖြစ်တာကြောင့် သူကတော့ အသုံးပြုဖို့အတွက် အဆင်ပြေ တာပေါ့၊ လိုအပ်တဲ့ ပစ္စည်းနည်းနည်းပါးပါး ထပ်ဖြည့်ပေးဖို့ပဲ လိုအပ်တာပေါ့၊
ဘောလုံးအကယ် ဒမီကျောင်း ကလည်း အဆောင်ဆိုတော့ ကုတင် တွေ ပစ္စည်းတွေက ရှိထားပြီသား ဆေးရုံအနေနဲ့ လိုအပ်တဲ့ပစ္စည်း တွေ ထည့်ပေးဖို့အတွက် လုပ်နေကြပြီ၊ ပြင်ဆင်ဖို့နဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ သက်ဆိုင်ရာ အဖွဲ့တွေ ကွင်းဆင်းကြည့်နေကြပါပြီ”ဟု မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန် ပြန်ကြားရေးနှင့် သတင်းမှား ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ် သတင်းစောင့်ကြည့်ရေး အဖွဲ့ ဥက္ကဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
ယခုအခါ မန္တလေးခရိုင်အတွင်းမှ စစ်ဆေးတွေ့ရှိသည့် COVID-19 အတည်ပြုလူနာများအား ချမ်းမြသာ စည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံနှင့် ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံတို့တွင် ကုသ ပေးလျက်ရှိပြီး ကန်တော်နဒီ ဆေးရုံတွင် လူနာ ၅၆ ဦး၊ ကုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံတွင် လူနာ ၂၇၄ ဦး၊ စုစုပေါင်း ၃၃၀ ဦးထိ ထားရှိကုသပေးနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရ သည်။
စက်တင်ဘာ ၂၄ ရက်နေ့ အထိ ကန်တော်နဒီနှင့် ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံတို့တွင် တက်ရောက်ကုသနေသည့် COVID-19 အတည်ပြုလူနာ ၁၁၂ ဦး ရှိနေပြီး မန္တလေးတိုင်းအတွင်း၌ COVID-19 ရောဂါ အတည်ပြုလူနာတွေ့ရှိမှုသည် စက်တင်ဘာ ၂၄ ရက်ထိ မြို့နယ် ၂၀ ခုတွင် အတည်ပြုလူနာ ၂၀၀ ကျော်ထိ ရှိကာ အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့သည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….