Latest Breaking News & Headlines

KNDP ပါတီမဲဆွယ်ပွဲတက်သူ ကိုဗစ်ကူးလို့ ကိုယ်စားလှယ်လောင်း ၃ ဦး သီးခြားခွဲစစ်ဆေးခံ…

139

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး အခမ်းအနား တက်ရောက်သူ တယောက် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ကရင်တိုင်းရင်းသား ပါတီတခုက လွှတ်တော်ကိုယ်စားလှယ်လောင်း သုံး ဦး အပါအဝင် လူ ၅၀ လောက် သီးခြားစောင့်ကြည့် စစ်ဆေးခံနေရတဲ့ အခြေအနေကို ပြောပြပါမယ်။

ဘားအံမြို့နယ် ကော့လိုက်ကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပတဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ရဲ့ မဲဆွယ်စည်းရုံးရေးပွဲ တက်ရောက်ခဲ့သူ ဒေသခံရွာသားတဦးဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရကြောင်း အတည်ပြုခဲ့ပြီးနောက် ပါတီကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ အခမ်းအနားတက်ရောက်သူ ရွာသား ၄၇ ဦးကို စောင့်ကြည့်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်အရ ကိုယ်စားလှယ်လောင်း ၃ ဦးမှာ ရောဂါပိုးမတွေ့ရကြောင်းလည်း သီးခြားခွဲစောင့်ကြည့်တဲ့နေရာမှာ ရောက်နေတဲ့ KNDP ပါတီ ကိုယ်စားလှယ်လောင်း နန်းစေးအွာကပြောပါတယ်။

“အခုကျမတို့ Q ဝင်နေရတာပေါ့နော်။ ရွာသား ၄၇ ဦးနဲ့ ကျမတို့ ကိုယ်စားလှယ်လောင်း သုံး ဦးပေါ့။ ဖားအံတက္ကသိုလ်ရဲ့ကျောက်စိမ်းဆိုတဲ့အဆောင်လေ။ အဲဒီမှာ ကိုယ့်အခန်းထဲမှာ ကိုယ်နေတာပေါ့နော်။ ကျမတို့ သုံး ယောက်ကို စစ်ပြီးသွားပြီ။ negative ပေါ့နော်။”

KNDP ပါတီရဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်လောင်း နန်းစေးအွာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းလှယှဉ်မေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောမင်းဇော်ဦးတို့ ၃ ဦးဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဘားအံမြို့နယ် ကော့ဝါးဆူးကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ကြတာပါ။ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေသခံတယောက် ရောဂါပိုးကူးစက်နေကြောင်း နောက်ပိုင်းမှာ သိရတာကြောင့် ကိုယ်စားလှယ် ၃ ဦးအပြင် အခမ်းအနား တက်ရောက်သူ ကျန်ဒေသခံ ၄၇ ဦးပါ စောင့်ကြည့် ခံနေရကြောင်းလည်း နန်းစေးအွာက ပြောပါတယ်။

“သူက အစည်းဝေးလာတက်တယ်။ အနောက်မှာနေပြီး နားထောင်ပေးတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျမတို့ ဒီကို အကုန်လုံးပြန်ပြီး Quarantine ဝင်တာပေါ့နော်။ ဟိုရွာခံ ၄၇ ဦးနဲ့က ကျမတို့ ကိုယ်စားလှယ်လောင်း ၃ ဦး အားလုံး ၅၀ ဦး။ သူတို့တွေဒီမှာ Q ဝင်ရတယ်။ အဲဒီတော့ ကျမတို့ ပါတီက စားစရိတ်ကို တာဝန်ယူပေးထားပါတယ်။ တနေ့ ၅,၀၀၀ နှုန်းပေါ့ တယာက်ကို။”

ဒေသခံ ၄၇ ဦးမှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးထားပေမဲ့ ရလဒ်ကိုတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံအနှံ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တိုးလာနေတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အခက်အခဲတွေ ကြုံနေရတာပါ။ အထူးသဖြင့် ရောဂါကူးစက်သူ အတည်ပြုလူနာတွေ့ရှိတဲ့ ဒေသတွေမှာ မဲဆွယ်စည်းရုံးဖို့ အခက်အခဲ ကြံုနေရတယ်လို့လည်း KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကပြောပါတယ်။

“အခုပိုးတွေ့လူနာတွေ ရှိလာတဲ့အခါကျတော့ ရွာတွေက ဒေသန္တရအစီအစဉ်၊ ဒေသန္တရအမိန့်နဲ့ ဟိုပိတ်၊ ဒီပိတ် ပိတ်တဲ့ အခါကျတော့ နည်းနည်းသွားရ၊ လာရခက်တာပေါ့။ အခုက ပါတီတော်တာ်များများက မသွားမလာတော့ဘဲနဲ့ စပီကာကမ်ပိန်း သဘောမျိုးပဲ လုပ်နိုင်တော့တဲ့အနေထားမျိုး ရှိတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ KNDP ပါတီက ကိုယ်စားလှယ်လောင်း ၃၀ လောက်ဟာ ကရင်ပြည်နယ်မှာ သံတောင်ကြီး မြို့နယ်ကလွဲလို့ ကျန် ၆ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ ကပ်ရောဂါနဲ့ ကြုံနေရပေမဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပြီး၊ လုံခြံုရေးနဲ့ ကပ်ရောဂါ အခြေအနေအရ ဆိုင်းငံ့ရမယ့် မဲဆန္ဒနယ်မြေတွေ ရှိမယ်ဆိုရင်တော့ လာမယ့် အောက်တိုဘာလမှ ကြေညာမယ်လို့လည်း ပြောဆိုထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!