Latest Breaking News & Headlines

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်နေ…

93

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လိုက်နာဖို့ တိုးမြှင့်ဆောင်ရွက်နေပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ရေး အိမ်မှာနေဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ဒီကနေ့ကစပြီး သီတင်း ၂ ပတ်ကြာ စက်ရုံ အလုပ်ရုံတွေကို ယာယီပိတ်လိုက်ပြီး ဖွင့်ခွင့်ရစက်ရုံတွေကိုတော့ ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးဖို့ စီစဉ်နေပါတယ်။ ကပ်ရောဂါ အန္တရာယ်နဲ့ ကူးစက်မှုကနေ ကာကွယ်ရေး ညွှန်ကြားချက်တွေကိုလည်း တိတိကျကျ လိုက်နာဖို့ ရပ်ကွက်တွေထဲမှာလည်း လိုက်လံဆော်ဩနေပါတယ်။

“မိဘပြည်သူအပေါင်းတို့ခင်ဗျာ၊ မိမိတို့၏ အစားအသောက်များ ဝယ်ယူခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် ဝယ်ယူခြင်းများကို မိမိတို့နေအိမ်မှ တဦးသာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် မိမိတို့ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောရန် လိုအပ်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အခြားသောလုပ်ငန်းများ၊ စားသောက်ကုန်နှင့် မပတ်သက်သည့် ဆိုင်များအားလုံး ၁၄ ရက်တိုင် ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး ပန်ကြားနှိုးဆော် တိုက်တွန်းအပ်ပါသည်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်တာ၊ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်တာ အပါအဝင် ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးဝန်ထမ်းအင်အား ထပ်တိုးထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဖွဲ့ဝင် ၂၃ ဦးပါဝင်တဲ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဖွဲ့ ၃ ဖွဲ့ဟာလည်း ကွင်းဆင်းဆောင်ရွက်နေပြီး ၂ ပတ်အတွင်း ထိရောက်တဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ အောင်မြင်မှုရဖို့ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ရောဂါဖြစ်ရင်လည်း ဒီ ကိုဗစ်နဲ့ဆင်တူတဲ့ လက္ခဏာမျိုးတွေပေါ့နော်၊ အဲဒါမျိုးဖြစ်ရင်လည်း ကြိတ်ပြီးတော့ အိမ်မှာမကုဘဲနဲ့ စောစောပြော စောစောသိ စောစောအကျိုးရှိဆိုသလိုပဲ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ Contact Tracing တွေမှာလည်း မစိုးရိမ်ပါနဲ့၊ မကြောက်လန့်ပါနဲ့၊ ပူးပေါင်းဆောင်ရွက်ပေးပါ။ အဲလို ပူးပေါင်းဆောင်ရွက်လို့ နေပြန်ကောင်းသွားတဲ့သူတွေ အခု ထောင်နဲ့ချီပြီးတော့ ရှိနေပါပြီ။ အဲလိုပဲ Contact Tracing မှာလည်း ပိုးစစ်ဆေးလို့ ရောဂါပိုးကင်းစင်လို့ အိမ်ပြန်သွားတဲ့သူတွေလည်း ထောင်နဲ့မက သောင်းနဲ့ပါချီပြီးတော့ ရှိနေပါပြီပေါ့နော်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ပြီးချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာ ၇,၈၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၁၃၃ ဦး ရှိပါတယ်။ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၂,၀၀၀ ကျော်အထိ ရှိနေပါပြီ။ ရောဂါထိန်းချုပ် ကာကွယ်ရေးမှာ အရှိန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ကိုယ့်ရဲ့နေအိမ်တွင်းသာ နေထိုင်ပြီး ရောဂါပိုး ကူးစက်ခံရတဲ့ အခြေအနေကနေ ကင်းဝေးအောင် ဆောင်ရွက်ဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“အခုလက်ရှိ အခြေအနေမှာတော့ ပြည်သူလူထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ အားလုံးမှာ စိတ်သောကရှိတယ်ဆိုတာ နားလည်ပါတယ်။ လက်ရှိဖြစ်ပွားမှုဟာ ဘယ်အချိန်ပြီးမလဲ၊ ဒါ ဘယ်သူမှ မသိနိုင်ပါဘူး။ သို့သော် အားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကောင်းတယ်ဆိုလို့ရှိရင်တော့ ဒါဟာ ကျမယ်ဆိုတာ သေချာပါတယ်။ အခု အကျိုးအရှိဆုံး အထိရောက်ဆုံးနဲ့ ငွေမကုန်နိုင်တဲ့ ကာကွယ်ရေး နည်းလမ်းကတော့ အိမ်မှာနေဖို့ပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ကျမတို့က ဒီဗိုင်းရပ်စ်နဲ့ လူသားနဲ့ တိုက်ပွဲဆင်နွှဲနေရတာ ဖြစ်ပါတယ်။ အဲဒီအခါမှာဆိုလို့ရှိရင် ချမှတ်ထားတဲ့အမိန့်တွေ ညွှန်ကြားချက်တွေကို တသွေမတိမ်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါဟာ အုပ်ချုပ်တဲ့သူ တနည်းအားဖြင့်ဆို ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ပါဝင်ပါတယ်။”

မိမိနေအိမ်တွင်သာ နေထိုင်ရေး အစီအစဉ် စတင်နေတဲ့ ရန်ကုန်တိုင်းမှာ ရိက္ခာဖြန့်ဝေဖို့ လိုအပ်လာရင် Ration စနစ်နဲ့ အခြေခံစားသောက်ကုန်တွေ ဖြန့်ဖြူးပေးနိုင်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေ၊ လိုအပ်ချက်တွေအတွက် အသုံးပြုဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အထွေထွေပိုလျှံငွေ ဘီလီယံ ၁,၀၀၀ ကျော်ကို သုံးဖို့ သတ်မှတ်ထားတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အွန်လိုင်းကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!