ရခိုင် ကျောက်တော်ရွာသား၂၀ ခန့် မြန်မာစစ်တပ်ဖမ်းဆီး…
စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဒေသခံရွာသားတွေကို ဖမ်းဆီးမှုတွေ ရှိနေပြီး၊ လုံခြံုရေး စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့အကြောင်း ပြောပြပါမယ်။

ကျောက်တော်မြို့နယ် သရက်တပင်ရွာမှာ ဒေသခံရွာသားတွေကို ဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တို့က ပြောပါတယ်။ ဒေသခံရွာသား ကိုအောင်သိန်းကတော့ ဖမ်းဆီးခံရတဲ့ရွာသား ၂၀ လောက် ရှိတယ်လို့ ပြောပါတယ်။
“သရက်တပင်မှာ စစ်ကြောင်းဝင်လျက်ရှိတယ်။ အရပ်သား ၂၀ လောက် ဖမ်းဆီးခံထားရတယ်။ ကျနော်တို့ သရက် တပင်ရွာကပါ။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။ ကျနော်တို့လည်း မပြောတတ်တော့ဘူး။ သူတို့က အရပ်သားတွေဘဲ ရဲဘော်တွေမှ မဟုတ်ဘဲ။ ဘာလုပ်မယ်ဆိုတာ ကျနော်လည်း မပြောတတ်ဘူး။”
တပ်မတော်စစ်ကြောင်းက သရက်တပင် ကျန်းမာရေးဆေးခန်း ရဲစခန်းနဲ့ ကျောက်တလုံးရွာထဲမှာ စခန်းချပြီး ရွာသားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
ဘာအကြောင်းပြချက်နဲ့ ဖမ်းဆီးတာဆိုတာမသိပေမဲ့ ဖမ်းဆီးမှုကြောင့် ဒေသခံလူငယ်တချို့ လုံခြုံရေးစိုးရိမ်တာကြောင့် တိမ်းရှောင်ခဲ့ကြတယ်လို့လည်း သရက်တပင်ရွာသား ကိုအောင်သိန်းက ပြောပါတယ်။
“သက်ကြီးပိုင်းတွေကျတော့ ရွာထဲမှာ ရှိတယ်။ တချို့လူငယ်ပိုင်းတွေကျတော့ နီးတဲ့ရွာသားတွေမှာသွားပြီးတော့ ခိုလှုံသွားတာရှိတယ်ဗျ။ စိုးရိမ်ကြောက်လန့်ပြီးတော့ သူတိုခိုလှုံနေကြတာပါ။”
ကျောက်တော်မြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင် ကလည်း တပ်မတော် စစ်ကြောင်းက ဒေသခံရွာသား ၂၀ ကျော် ဖမ်းဆီးကြောင်း သတင်းရထားတယ်လို့ ပြောပါတယ်။
“စစ်ကြောင်းကတော့ နှစ်ဘက်၊ သုံးဘက်လောက်က ဝင်လာတယ်။ တွေ့တဲ့သူကို ဖမ်းခေါ်သွားတဲ့ သဘောရှိပါတယ်။ အခုထိတော့ လွတ်တာ မရှိသေးဘူး။ ၂၁ ယောက်လို့တော့ကြားတယ်ဗျ ဖမ်းထားတာ။”
ကျောင်းဆရာတဦးအပါဝင် သရက်တပင်ကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အကျိုးအကြောင်း မသိရသေးကြောင်း တုံ့ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံတွေ သေဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေ မကြာခဏ ကြုံနေရတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ အပါအဝင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း ဒီလထဲ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးထားပါတယ်။