Latest Breaking News & Headlines

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရဖို့ ဖြစ်လာနိုင်ခြေ ရှိသလား…

137

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်ပြီး အကောင်အထည် ဖော်နေပါတယ်။ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ၅၂ ရက်ပဲ လိုတော့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်း Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၄၀၄ ယောက် ထပ်တွေ့ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ စ တွေ့ပြီးကတည်းက တစ်ရက်တည်း အများဆုံး ကူးစက်တဲ့ စံချိန်လည်း ဖြစ်ခဲ့ပါတယ်။

ပြောရရင် လက်ရှိ အချိန်ဟာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ Covid-19 ကူးစက်မှု မြင့်တက်နေတဲ့ အချိန် ဖြစ်နေတာပါပဲ။ ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို လာမယ့် နိုဝင်ဘာ ၈ ရက် သတ်မှတ်ထားတာကို ပြန်သုံးသပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီ တစ်ချို့ဘက်က တောင်းဆိုတာမျိုး ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ Covid-19 ကူးစက်မှုကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ ကြုံတွေ့နေရသလဲ၊ နိုင်ငံရေးပါတီ တစ်ချို့က ဘယ်လို တောင်းဆိုနေကြသလဲ၊ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ ရွှေ့ဆိုင်းဖို့ သင့်သလား ဆိုတဲ့ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။


ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပြီးရင် အမတ်နေရာ ဒုတိယ အများဆုံး အနိုင်ရတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့အဖြစ် နိုဝင်ဘာ ၈ ရက်မှာ သတ်မှတ်ထားတာကို ပြန်သုံးသပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ စာရေးသား တင်ပြပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ သူ့ရဲ့ မိတ်ဖက် ၂၄ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးပြီး တောင်းဆိုတာပါ။ အလားတူ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ တတိယ အများဆုံး ရခဲ့တဲ့ ANP ရခိုင်အမျိုးသားပါတီကလည်း “ လက်ရှိ အခြေအနေမှာ တစ်ပြည်လုံး အတိုင်းအတာအရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လက်တွေ့အားဖြင့် မဖြစ်နိုင်သော အခြေအနေ ဖြစ်ပေါ်တည်ရှိနေမှုအား အလေးထား သုံးသပ်ဆောင်ရွက်ရန်” ဆိုပြီး ပြောဆိုထားပါတယ်။ ANP ပါတီရဲ့ စက်တင်ဘာ ၁၆ ရက် ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ ANP ခေါင်းဆောင်တွေကတော့ ရခိုင်ပြည်နယ်ထဲမှာ Covid-19 ပြသနာအပြင် တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး လို့ ပြောဆိုထားကြပါတယ်။


ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ တိတိကျကျ တောင်းဆိုတာကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီပါ။ အခု ၂၀၂၀ မှ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုထားသလို၊ Covid-19 ကြောင့် မဲဆွယ် စည်းရုံးပွဲတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ပြန်လည်သုံးသပ်ဖို့ တင်ပြထားပေမယ့် လုပ်ကိုင်လို့ ရသလောက် မဲဆွယ် စည်းရုံးနေတာကိုတော့ တွေ့ရပါတယ်။ ဒါတွေက Covid-19 ကပ်ဘေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သလား၊ မဲပေးမယ့်နေ့ကို ပြန်သုံးသပ်သင့်သလား ဆိုတာ အရေးပါတဲ့ ပါတီတစ်ချို့ရဲ့ သဘောထား အမြင်တွေပါ။


အင်န်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင် တို့ကတော့ အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ထောက်ခံသူ ပြည်သူတွေကို Covid-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့၊ လူစုလူဝေး ဖြစ်ပေါ်စေတဲ့ မဲဆွယ် စည်းရုံးမှုမျိုးတွေ မလုပ်ဖို့၊ မဲပေးမယ့်ရက်မှာ ကျန်းကျန်းမာမာ နဲ့ မဲပေးနိုင်အောင် ဂရုစိုက်နေထိုင်ကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားတာ တွေ့ရပါတယ်။ အာဏာရ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ ရွေးကောက်ပွဲနေ့ကို ပြန်သုံးသပ်ဖို့၊ ရွှေ့ဆိုင်းပေးဖို့ တရားဝင် ထုတ်ပြန် ပြောဆိုတာမျိုး မကြားမသိရပါဘူး။ ဒါပေမယ့် အင်န်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ လက်ရှိ လွှတ်တော် သက်တမ်း မကုန်ခင် နိုဝင်ဘာ ၈ ရက်ကနေ နောက်ထပ် အချိန် တစ်လ၊ တစ်လ ခွဲလောက်အထိ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို ရွှေ့ဆိုင်းမယ်ဆို ရွှေ့ဆိုင်းလို့ရတဲ့အကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ် ဆိုတဲ့အကြောင်း ပြောဆိုထားပါတယ်။


လက်ရှိ Covid-19 ဖြစ်ပွားမှု အခြေအနေအရ ကျန်းမာရေးဝန်ကြီးဌာနဟာ ရခိုင်ပြည်နယ် တစ်ခုလုံးနဲ့ ရန်ကုန်တိုင်း ၂၈ မြို့နယ်ကို Stay home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါဟာ တစ်နိုင်ငံလုံး မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်းလောက်နဲ့ ညီမျှပြီး အဲဒီ မဲဆန္ဒနယ်မြေတွေမှာ လူစုလူဝေးနဲ့ မဲဆွယ်တာ၊ တစ်အိမ်တက်ဆင်း မဲဆွယ်တာမျိုး လုပ်လို့မရပါဘူး။ ကျန်မဲဆန္ဒနယ်မြေတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Covid-19 စည်းကမ်းချက်တွေနဲ့ အညီ လူ ၅၀ အောက် စုရုံး၊မဲဆွယ်ခွင့် ပေးထားပါတယ်။

ဒုတိယ တစ်ကျော့လို့ ပြောနိုင်တဲ့ ရခိုင်ပြည်နယ် စစ်တွေမှာ ကူးစက်လူနာ စတွေ့တုန်းက မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိရာကနေ တစ်လကျော်လေး အတွင်း ၁၀ ဆကျော်လောက် ရှိမယ့် နောက်ထပ် လူ ၃၉၀၀ ကျော် ကူးစက်ခံရ၊ သေဆုံးသူကလည်း ၁၀ ဆ လောက် တက်လာတဲ့ အနေအထားမို့ Covid-19 ကပ်ရောဂါ အခြေအနေ အရင် ၅ လတာ ကြုံရတာထက် အများကြီး ဆိုးနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ လောလောဆယ် Covid-19 ကူးစက်ပျံ့နှံ့မှု အရှိန် မြင့်တက်နေတယ်လို့ ဆိုရင်လည်း မမှားပါဘူး။


ရွေးကောက်ပွဲ တစ်ခု ကျင်းပဖို့ ဆိုရင် မဲပေးမယ့်နေ့ဟာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ၊ ပြည်သူတွေ ဘေးအန္တရာယ် ကင်းကင်း မဲပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ အဓိက စဉ်းစားရမှာကလည်း နိုဝင်ဘာ ၈ ရက်ဝန်းကျင်ဟာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အချိန် ဖြစ်မဖြစ်၊ ပြည်သူတွေ ဘေးအန္တရာယ် ကင်းကင်း မဲပေးနိုင်တဲ့ အခြေအနေ ရှိမရှိပါပဲ။ ရန်ကုန်တိုင်း Covid-19 ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ ဒုဥက္ကဌ ဒေါက်တာဇော်ဝေစိုးနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကတော့ လက်ရှိ အခြေအနေ အထိ Covid-19 ပြသနာကို ကိုင်တွယ်နိုင်တဲ့ အနေအထား ရှိနေသေးတယ်၊ လာမယ့် ၂ ပတ် ၃ ပတ်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်တယ် ဆိုပြီး ပြောဆိုထားပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ကပ်လာချိန် အထိ မျှော်လင့်သလို ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရောက်သေးဘူး ဆိုရင်တော့ ရွေးကောက်ပွဲကို နောက်ဆုတ် ရွှေ့ဆိုင်းရမှာပါပဲ။ ရွှေ့ဆိုင်းရာမှာလဲ အချိန် အများကြီး နောက်ဆုတ်တာမျိုး မဟုတ်ပဲ Covid-19 ထိန်းချုပ်နိုင်လောက်တဲ့ အချိန်ကို ခန့်မှန်းတွက်ချက်ပြီး၊ ကပ်ပြီး ရွှေ့ဆိုင်းရမှာပါ။ အကြောင်းကတော့ ခပ်ဝေးဝေး ရွှေ့ဆိုင်းခဲ့ရင်လည်း အဲဒီအချိန်မှာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အချိန် ဖြစ်နေ၊ မနေ ဘယ်သူမှ အတတ်ပြောနိုင်မှာ မဟုတ်လို့ပါပဲ။
အခြား တစ်ဖက်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သန်း ရာနဲ့ချီ ရှိမယ့် မဲလက်မှတ်တွေ ရိုက်နှိပ်ပြီးပြီလို့ သိရပါတယ်။ နိုင်ငံခြားရောက် မဲဆန္ဒရှင်တွေကတော့ အစောဆုံး အောက်တိုဘာ လ ဆန်းမှာ ကြိုတင်မဲ ပေးနိုင်ကြဖို့ စီစဉ်နေတာလဲ တွေ့ရပါတယ်။ လတ်တလော အခြေအနေအရတော့ ကျန်းမာရေးနဲ့ ကော်မရှင် တာဝန်ရှိသူတွေဘက်က ရွေးကောက်ပွဲ ရွှေ့မရွှေ့ ပြောဖို့ အချိန်စောနေသေးတယ်လို့ ယူဆနေကြမှာ ဖြစ်ပြီး၊ တကယ်လို့ ရွှေ့ဆိုင်းခဲ့ရင်တောင် နိုဝင်ဘာ ၈ ရက်နဲ့ သိပ်မဝေးတဲ့ ရက်ကိုသာ ရွှေ့ဆိုင်းကြဖို့ ဖြစ်နိုင်ကြောင်းပါ။

Leave A Reply

Your email address will not be published.

error: Content is protected !!