Latest Breaking News & Headlines

COVID-19 ကပ်လှိုင်းဒဏ်ကြောင့် ကျန်းမာရေးစနစ် ကျိုးပေါက်ခဲ့တဲ့ နယူးယောက်သင်ခန်းစာ မြန်မာ ဘယ်လိုယူသင့်သလဲ…

86

မြန်မာနိုင်ငံမှာ စနေနေ့က COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးလာတဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၄,၈၇၀ ဦး ရှိသွားပါပြီ။ လက်ရှိ သေဆုံးသူပေါင်း ၈၁ ဦး ရှိနေပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု မြင့်လာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး ကျိုးပေါက်မသွားအောင် ဘယ်လိုကာကွယ် ဆောင်ရွက်သင့်ပါသလဲ။

COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်ခဲ့ပြီး သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခဲ့တဲ့ သင်ခန်းစာကနေ မြန်မာ ဘယ်လိုယူသင့်သလဲ။

နယူးယောက်မြို့ Wyckoff Heights ဒုတိယဆေးရုံအုပ် ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် – အခု မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေတွေ တိုးလာတာ၊ အထူးသဖြင့် ကူးစက်တဲ့နှုန်းကလည်း မြင့်တက်လာတဲ့ အနေအထားပေါ့နော်၊ ပေါက်ကွဲထွက်လာတဲ့ အခြေအနေပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါလဲရှင့်။

ဒေါက်တာဇေယျာသက် – “ဟုတ်ကဲ့၊ တော်တော်လေးကို စိတ်မချမ်းသာစရာ အခြေအနေတခုကို တွေ့ရတဲ့ အခြေအနေတခုပေါ့။ ကေျနာ်တို့ အရင်တုန်းက ခန့်မှန်းထားတာတော့ မြန်မာနိုင်ငံမှာ တော်တော်လေးကို ထိန်းချုပ်နိုင်ပြီလို့ တွက်ခဲ့တာပေါ့လေ။ လူဦးရေ Positive ဖြစ်တာ များတာ နည်းတာကတော့ ကေျနာ့်အနေနဲ့ ဒီလောက်ကြီးအထိ အဲဒီနံပါတ်ကို သိပ်မဖြစ်ဘူး။ ဒါပေမယ့် များများစစ်လို့ များများပေါ်လာတာ ယေဘုယျသဘောအရ လက်ခံလို့ရတဲ့ အပိုင်းတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အခုလက်ရှိ ဖြစ်နေတဲ့ အနေအထားက စစ်တဲ့ပမာဏကတော့ များလာပါတယ် အရင်ကနဲ့ နှိုင်းယှဉ်ပြီးတော့။ ဒါပေမယ့်လည်း ဒုက္ခရောက်တဲ့ လူဦးရေ ပမာဏ များလာတယ်။ ဒုက္ခရောက်တယ်ဆိုတာ ကျော်နပြောတာက အသက်ဆုံးရှုံးမှုအပိုင်း ပါသလို အသက်ရှူလမ်းကြောင်းမှာ တော်တော်လေး ဒုက္ခရောက်လာတယ်။ တချို့လူတွေဆိုရင်၊ ကျနော်ကတော့ သတင်းပဲ ဖတ်ရတာပေါ့နော်၊ ဆီးချိုရောဂါကြောင့် ကိုမာဖြစ်ပြီး ဆုံးရှုံးသွားရတယ်။ တချို့လူတွေဆိုရင် ညဘက်မှာ နှလုံးရပ်သွားတယ်။ နှလုံးခုန်တာ အရမ်းမြန်ပြီးတော့ ရပ်သွားတယ်။ ဒီလိုအပိုင်းလေးတွေ ပါလာပါတယ်။ အသက်အရွယ်အားဖြင့်လည်း မြင်တဲ့အတိုင်း အသက် ၄၀ နဲ့ ၆၀ ကြားထဲမှာ အသက်ဆုံးရှုံးမှု အများဆုံးလူဦးရေ ပါပါတယ်။ အသက်ငယ်တဲ့လူတွေလည်း တယောက် နှစ်ယောက်စတော့ ရှိပါတယ်။ ဒါကတော့ ဖြစ်နိုင်တဲ့ အခြေအနေတခုပါ။

“ဒါ ဘာကြောင့်ဖြစ်လာသလဲဆိုရင် နံပါတ်တစ်အချက်ကတော့ လူတွေ Social Distancing မလုပ်လို့ပါ။ နံပါတ်နှစ်အချက်ကတော့ Asymptomatic သမားတွေပေါ့၊ မြန်မာအခေါ်တော့ ရောဂါက အတွင်းထဲကနေ လှိုက်ပြီးစားတယ်လို့ သုံးတာပေါ့လေ။ တယောက်နဲ့တယောက် ကူးနေတာ။ တယောက်နဲ့တယောက် ကူးနေတယ်ဆိုတာ Asymptomatic သမားတွေ။ ဘယ်သူကစပြီး ဒီရောဂါကို ဖြန့်တာလဲဆိုတော့ Symptom ရှိတဲ့လူက စဖြန့်တာပါ။ ဒါပေမယ့် ၅၀ ရာခိုင်နှုန်းသောလူက Symptom နည်းနည်းရှိချင် ရှိသွားမယ်။ အဲဒီ ၅၀ ကနေ တခါ ထပ်ချောင်းဆိုးမယ်။ အဲဒီလိုနဲ့ စ ပွားပွားသွားကြတယ်။”

မအင်ကြင်းနိုင် – မြန်မာနိုင်ငံမှာ အခုဆိုရင် ဒီရောဂါ ထိန်းချုပ်ဖို့အတွက်ကို ကွင်းဆက်ဖြတ်ကုသရေး နည်းလမ်းသစ်ပေါ့၊ အဲဒါကို ချမှတ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားမယ်ဆိုတာမျိုး။ ဆိုတော့ သူတို့ အဲဒီလို ချမှတ်ထားတဲ့ ကွင်းဆက်ဖြတ် ကုသရေး နည်းဗျူဟာဆိုတဲ့ အပိုင်းကိုရော ဆရာ ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဒေါက်တာဇေယျာသက် – “သူတို့က ရောဂါရှိတဲ့သူတွေကို ကျနော်တို့ ဒီမှာလုပ်ခဲ့သလိုပေါ့၊ တရုတ်ပြည်မှာလည်း လုပ်ခဲ့ပါတယ်။ ရောဂါရှိတဲ့လူတွေ၊ ရောဂါ Symptom ပြတဲ့လူတွေ၊ ရောဂါရှိတာထက်စာရင် Symptom ပေါ့ ရောဂါလက္ခဏာ ပြနေတဲ့လူတွေကို သူတို့ဆွဲပြီးတော့ COVID Ward ပေါ့၊ ကျနော်တို့ နယူးယောက်မှာ တကယ်ဖြစ်တဲ့အချိန်မှာ သမ္မတက ကျနော်တို့ဆီကို သင်္ဘောပို့ပေးခဲ့ပါတယ်။ ဗာဂျီနီးယားမှာရှိတဲ့ စစ်သင်္ဘောကြီးပေါ့။ ဒီစစ်သင်္ဘောကြီး ရောက်လာပြီးတော့ အဲဒီစစ်သင်္ဘောမှာဆိုရင် ကျနော်တို့က ကိုဗစ်လူနာတွေချည်းပဲ ထားပါတယ်။ နောက်တခုက ဂျားဗစ်စင်တာဆိုတဲ့ စင်တာအကြီးကြီးတခု ရှိပါတယ်။ အဲဒီမှာလည်း ကိုဗစ်ဖြစ်တဲ့လူတွေချည်းပဲ ထားပါတယ်။

“ဆိုတော့ အခု ဒီလိုမျိုး မြန်မာအစိုးရက လုပ်ဖို့ Plan လုပ်တယ်လို့ ထင်ပါတယ်။ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ Methodology တခုပါ။ COVID Ward လို့ သုံးလိုက်တဲ့အခါမှာ အဲဒီလူနာတွေက Symptomatic ဖြစ်ရပါလိမ့်မယ်။ Symptomatic ဖြစ်ရတယ်ဆိုတာ နံပါတ်တစ်အချက်က ကျနော်တို့မှာ Terminology၊ ဒါ ကျနော်တို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး၊ ဆေးရုံတွေ အကုန်လုံးကို ကြည့်တာပါ။ လူနာက Symptomatic COVID ဆိုတာ နံပါတ်တစ် သူတို့ရဲ့ Oxygenation က ၉၂ ရာခိုင်နှုန်းအောက်ကို ကျနေပါတယ်။ နံပါတ်နှစ် သူတို့ကို Chest X-ray ရိုက်လိုက်တဲ့အခါမှာ Chest X-ray မှာ ပေါ်ပါတယ်။ နံပါတ်သုံးက သူတို့မှာ Confirmation COVID Test က Positive ဖြစ်နေပါတယ်။ အဲဒီသုံးချက်က အဓိက အရေးအကြီးဆုံး အချက်ပါပဲ။”

မအင်ကြင်းနိုင် – နယူးယောက်မှာ ဖြစ်ခဲ့တုန်းက အရမ်း အခြေအနေဆိုးခဲ့တုန်းက ကျန်းမာရေးစောင့်ရှောက်တဲ့ စနစ်ကြီးတခုလုံး တော်တော်လေး ထိခိုက်ခဲ့ရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ မတရားများသွားခဲ့တယ်။ ဆုံးရှုံးမှုတွေ များခဲ့တယ်။ အခု မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ မထိခိုက်ရအောင် စီမံခန့်ခွဲတဲ့အပိုင်းကိုရော ဘယ်လိုမြင်သလဲဆရာ။

ဒေါက်တာဇေယျာသက် – “ကျနော် သေသေချာချာ မသိတော့ ပြောရ နည်းနည်းခက်တယ်။ ဒါပေမယ့် ဥပမာ နယူးယောက် အတွေ့အကြုံကို ပြောပြရရင် ကျနော်တို့ နယူးယောက်မှာလည်း အစိုးရဆေးရုံ ရှိပါတယ်။ အစိုးရဆေးရုံတွေမှာလည်း အဲဒီအချိန်က လူနာများတာပေါ့။ ကျနော်တို့ ပုဂ္ဂလိက ဆေးရုံတွေမှာဆိုရင်လည်း လူနာတွေ များပါတယ်။ ဒါပေမယ့် အစိုးရ ဆေးရုံတွေနဲ့ ကျနော်တို့ဆေးရုံတွေ တူညီတဲ့ စည်းမျဉ်းစည်းကမ်း ကျင့်သုံးပါတယ်။ အဲဒါဘာလဲဆိုတော့ Outpatient အပြင်လူနာကြည့်တာကို ကျနော်တို့ ပိတ်ပစ်လိုက်ပါတယ်။ ပိတ်လိုက်ပြီးတော့ Inpatient အတွင်းလူနာအတွက် ကျနော်တို့ အကုန်လုံးကို အကူအညီတောင်းပါတယ်။

“နှလုံးရောဂါအထူးကု ဆရာဝန်ကြီး ဖြစ်နေလို့ ကိုဗစ်လူနာတွေရှိနေတဲ့ ဆေးရုံကို မလာနိုင်ဘူးဆိုတာ မရှိပါဘူး။ အကုန်လုံးလာပြီး ကြည့်ပါတယ်။ အင်းစိန်ဆေးရုံက ဒီလူနာကို မကုနိုင်ဘူးဆိုတာ မဖြစ်ရဘူး။ ဝေဘာဂီဆေးရုံတခုတည်း ကုနေတယ်ဆိုတာလည်း မဖြစ်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူနာတွေသည် နေရာတိုင်းကို သွားတော့မှာ။ ကုတင်အသစ်တွေဆိုတာ ကျနော်တို့ ဝယ်ပြီးလုပ်လို့ရပါတယ်။ ဆေးရုံမှာ ဆရာဝန်မရှိတော့ဘူးဆိုရင် ချက်ချင်းကြီး ဆရာဝန်အသစ်တယောက်ကို ခေါ်ထုတ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး အကူဝန်ထမ်းတွေရဲ့ လုပ်အားကို ကြိုတင်တွက်ချက် ထိန်းသိမ်းထားဖို့ လိုပါတယ်။”

Leave A Reply

Your email address will not be published.

error: Content is protected !!