Latest Breaking News & Headlines

မူဆယ်ဘက်မှာ ရွာသားသုံးဦး သေဆုံးခဲ့မှု အဖြစ်မှန်ပေါ်ပေါက်ရေး ဆက်ကြိုးပမ်းနေ …

142

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တအန်း(ပလောင်)ရွာသား ၃ ဦး သေဆုံးမှုအတွက် တာဝန်မရှိကြောင်း ဒေသခံစစ်တပ်က ငြင်းဆိုလိုက်တာကြောင့် အဖြစ်မှန်ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ပြင်ဆင်နေတဲ့သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မူဆယ်မြို့နယ် မူလွန်ပန်ခါးအုပ်စု၊ မိုင်းဆက်ရွာအနီး အရပ်သား ၃ ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ပြီး ၃ လလောက်အကြာ သြဂုတ်လ ၂၀ မှာ အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

ရွာသား ၃ ဦး သေဆုံးမှုမှာ တာဝန်ရှိကြောင်း မူဆယ်မြို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က စွပ်စွဲထားတဲ့ တပ်မ ၉၉ တပ်မမှူးကတော့ စွပ်စွဲထားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့သလို တပ်ဘက်က ကျူးလွန်တာရှိရင် အရေးယူမယ့်အကြောင်း ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တပ်မ ၉၉ က အခင်းဖြစ်ပွားတဲ့ နေရာဒေသဘက်ကို သူတို့ ဝင်ရောက်လှုပ်ရှားတာ မရှိကြောင်းနဲ့ အရပ်သားသေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ မူဆယ်မြို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အထွေထွေအတွင်းရေးမှူး အိုက်သိန်းဝင်းက VOA ကို အခုလို ပြောပါတယ်။

“သူတို့က စုံစမ်းမယ်ပဲ ပြောတာ။ စုံစမ်းလား၊ မစုံစမ်းလား မသိဘူးပေါ့နော်။ သူတို့က ၉၉နဲ့ ပတ်သက်မှုမရှိကြောင်း၊ တပ်မ ၉၉ လှုပ်ရှားမှု မရှိဘူးဆိုတာပဲ ပြောတယ်။ ဒါပေမဲ့ ရှိ ရှိ ၊ မရှိ ရှိ တပ်မတော်က ခေါ်သွားတာလေ။ ကျနော်တို့ ဆီမှာ မျက်မြင်သက်သေတွေ ရှိတယ်ပေါ့နော။ အဲဒီ တပ်မမှူးရဲ့ PSO ပေါ့၊ ကျနော်တို့ ၈ လပိုင်း ၃၁ ရက်နေ့ကလား၊ ၃၀ လား။ ၉ လပိုင်း ၁ ရက်နေ့ မတိုင်ခင် သူက အကြောင်း ပြန်လာတယ်။”

ဒီတစ်ပတ်အတွင်းမှာတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အထက် အဆင့်ဆင့်ကို တင်ပြသွားဖို့ ပြင်ဆင်နေကြောင်း အိုက်သိန်းဝင်းက အခုလို ဆက်ပြောပါတယ်။

“သတ်ခံရတဲ့ မိသားစုကနေ ကျနော်တို့ စာပေယဉ်ကျေးမှုကို အကူအညီတောင်းလာတာပေါ့နော်။ စာရေးပြီးမှ၊ အဲဒါကို အကြောင်းပြုပြီးတော့ ကျနော်တို့ မူဆယ်မြို့နယ်ရယ်၊ နမ့်ခမ်းမြို့နယ်ရယ်၊ ကွတ်ခိုင်မြို့နယ်ရယ် ဒီ မူဆယ်ခရိုင်မှာရှိတဲ့ စာပေယဉ်ကျေးမှု ၃ မြို့နယ်ကို ပေါင်းပြီးတော့ အမှုမှန်ဖော်ထုတ်ဖို့ ကော်မတီတစ်ရပ်ဖွဲ့လိုက်တယ်ပေါ့နော်။ အဲဒီကော်မတီကနေ ပထမဆုံး ဆုံးဖြတ်လိုက်တာက ဒီ တိုင်းမှူးဆီပေါ့နော်၊ ဒီအမှုမှန်ပေါ်ပေါက်ရေးကို ဝိုင်းဝန်းကူညီပြီးတော့ ဆောင်ရွက်ပြီးတော့မှ ဖြေရှင်းပေးဖို့ပေါ့နော်။ အဲဒါမှာမှ ဘာမှ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်တို့က အဆင့်ဆင့်ပေါ့နော် ဒီ ကက ကြည်းတို့၊ လူ့အခွင့်အရေးကော်မရှင်တို့၊ အတိုင်ပင်ခံရုံးတို့ပေါ့နော်။ အဲဒါ ဆက်ပြီးတော့ စာတင်ဖို့တော့ ရှိတယ်။ ဒီတစ်ပတ်အတွင်းတော့ တင်ဖြစ်ဖို့ များပါတယ်။”

ဒီသတင်းနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

မူဆယ်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်ကတော့ တပ်မတော်အနေနဲ့ စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးစေလိုကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်မမှူးနဲ့ သွားတွေ့တဲ့နေ့တုန်းကတော့ တပ်မမှူးကတော့ သူ့ရဲ့ တပည့်တပန်းတွေကို မေးကြည့်မယ်လို့ ပြောတာပေါ့။ ပြောရမယ်ဆိုရင် တပည့်တပန်းကိုပဲ မေးကြည့်မယ်ဆိုတဲ့အခါကျရင် အမှုမှန် မပေါ်ဘူးလို့ ကျနော်တို့က သုံးသပ်တာပေါ့။ ဘာလို့လဲဆိုရင် ဘယ်တပည့်တပန်းကမှ ကျနော်မှားပါတယ်ဆိုပြီး ဝန်ခံဖို့ဆိုတာ မလွယ်ဘူးလေနော။ ကျနော်တို့ ဖြစ်စေချင်တာကတော့ တပ်မမှူးကနေပြီးတော့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဘာတွေ ဖွဲ့ပြီးတော့မှ အမှုမှန် ပေါ်အောင် လုပ်စေချင်တာပေါ့။ အဓိက ပွင့်လင်းမြင်သာမှုပေါ့။ အမှုမှန် မပေါ်မချင်းတော့ ကျနော်တို့မှာ တာဝန်ရှိတဲ့အခါကျတော့ အဖြေမှန်ပေါ်အောင်တော့ ကျနော်တို့ ရှာကြံရအုံးမှာပါပဲ။”

စက်တင်ဘာလဆန်းပိုင်းကလည်း လားရှိုးမြို့နယ် ဖာလိုင်ရွာသား ၂ ယောက်ကို ခမရ ၃၆၁ က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက စွပ်စွဲပြောဆိုခဲ့ပြီး တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားပြီး အသေရမိတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဝင် ၂ ဦးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

MNDAA ကိုးကန့်အဖွဲ့က သူတို့တပ်ဟာ လားရှိုးမြို့နယ်အတွင်း မလှုပ်ရှားကြောင်းနဲ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာ မရှိကြောင်း တုံ့ပြန်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက ပစ်ခတ်၊ ရိုက်နှက်လို့ အရပ်သားတစ်ဦးသေဆုံးတာနဲ့ တစ်ဦးထိခိုက်ဒဏ်ရာရမှုမှာ ဒေသခံတွေ ဆန္ဒပြခဲ့တဲ့နောက် တပ်မတော်ဘက်က စုံစမ်းစစ်ဆေးပြီး ကျူးလွန်တာမှန်ကန်ကြောင်း ထုတ်ဖော်ခဲ့သလို ဇွန်လကုန်ပိုင်းမှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဖြစ်ပွားတဲ့ အဓမ္မကျင့်မှုမှာလည်း ကျူးလွန်သူ တပ်သား ၃ ဦးကို စစ်ဆေးအရေးယူမှာဖြစ်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!