Latest Breaking News & Headlines

ကိုဗစ်ကာကွယ်ကုသရေး ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေပါခေါ်ဖို့ တိုက်တွန်း…

101

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေရဲ့ အင်အားကိုပါယူပြီး အစိုးရ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေက တောင်းဆိုကြပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေပြီး ကုသရေးပိုင်းလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ထိခိုက်မှု များလာနေတာနဲ့အမ ျှ အခုလို တောင်းဆိုကြတာပါ။ ဒီအခြေအနေအပေါ် အစိုးရဘက်ကလည်း ပြင်ဆင်လာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကစပြီး ကိုဗစ်တကျော့ ပြန်ကူးစက်မှုက တိုးလာသလို သေဆုံးသူအရေအတွက် ကလည်း တိုးလာနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးနီးနီး ပိုးပျံ့နှံ့လာတာကြောင့် အဓိက ကာကွယ်ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ အင်အားနဲ့ ဝန်မမျှ ကာကွယ်မှုတွေ ပေးနေရတာမို့ ပြည်သူတွေက ရှေ့တန်းတိုက်စစ် ပြိုကျလာမှာကို စိုးရိမ်လာတာတွေ ရှိလာပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများလာတာ၊ နောက်ပြီး ပိုးကူးစက်ခံရသူ ပိုများလာတာမို့ ရေရှည်မှာ အစိုးရကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ပေးနိုင်မှုနဲ့ ခုခံကာကွယ်ရေးပိုင်းအားလျော့လာနိုင်တာမို့ ကုသရေးလုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိက ကျန်းမာရေး ပညာရှင်တွေပါ ပါဝင်လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က စဉ်းစားပေးဖို့ တိုက်တွန်းလိုက်သူကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာမြင့်ဦးပါ။

“အခုဆိုရင်ရှေ့တန်းတိုက်နေရတဲ့သူတွေ၊ Quarantine မှာ ကူလုပ်နေရသူတွေ isolation ward မှာ လုပ်နေရသူတွေက တခုခုဆိုတာနဲ့ မတော်လို့ အဲထဲမှာ တယောက် positive တွေ့ရင်အကုန် Quarantine တော့ ကျွမ်းကျင်တဲ့သူတွေ ဆုံးရှုံးတာပေါ့။ ပရဟိတသမားတွေလည်း ငါတို့ ထိရင် ဒုက္ခပဲဆိုပြီး ကြောက်လာတာ။ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲမှု အားနည်းနေတဲ့ ပုံစံပေါ့နော်။ နဂိုထဲကိုက အစိုးရအပိုင်းက ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာ ဝန်ထမ်းမဟုတ်တော့ ထိန်းချုပ်ရခက်တယ်ဆိုတဲ့ အယူအဆကလည်း ရှိနေတယ်။ ပုဂ္ဂလိက ကလည်း မလုပ်ရဲဘူး၊ မကိုင်ရဲဘူး။ ပုဂ္ဂလိကလည်း မကုရဲတော့ အကုန်လုံး အစိုးရဆေးရုံဆီပဲ ပြုံတိုးတာ။ ဒီအားနည်းချက်က ကိုဗစ်မှာ အကြီးအကျယ်ပြသတာပဲ။ ခုပြတာဘဲ။ ကိုဗစ်မဟုတ်တဲ့ သွေးတိုးတို့၊ ဆီးချိုတိုး၊ နောက် ဒူးဆစ်နာ ဒါတွေအကုန်လုံးမှာ ဒုက္ခတွေ ရောက်တော့တာပေါ့။ ပုဂ္ဂလိက ကဏ္ဍက လူတွေကို ပြန်ပြီးသုံးဖို့ လိုပြီဆိုတာ သူတို့သိရမယ်။”

လတ်တလောရန်ကုန်တိုင်းအတွင်း ပိုးကူးစက်မှု ပိုမြင့်လာတာမို့ အစိုးရဘက်က ကွာရန်တင်းစင်တာတွေ ထပ်တိုးချဲ့ဖို့ လုပ်ဆောင် နေရသလို သီးခြားခွဲထားသူတွေကို ရန်ကုန်က လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာ့ ဝန်ထမ်းတွေ အနေနဲ့ကူညီဖို့ အစိုးရဘက်က ဖိတ်ခေါ်ထားရပါတယ်။

လတ်တလော စာရင်းအရ ရန်ကုန်မှာ ကွာရန်တင်းဝင်နေသူ ဦးရေ ၆,၀၀၀ ကျော်လောက်ရှိပြီး ရခိုင်ပြည်နယ်က ပြန်လာသူ ၁,၀၀၀ အတွက် ၂ ရက်အတွင်း နေရာထိုင်ခင်းဖန်တီးပေးထားခဲ့ရခါ နောက်ထပ်တိုးလာမယ့်သူတွေ အတွက်ပါ ကွာရန်တင်းစင်တာ အသစ် ၇ ခု ထပ်ဖွင့်ဖို့ အတွက်လုပ်ဆောင်နေပါတယ်။

တချိန်ထဲမှာပဲ အစိုးရဘက်ကလည်း ကုသရေးလုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“လက်ရှိအနေအထားအရပြောရရင်တော့ ထိတာတွေတော့မှန်တယ်။ အရမ်းကြီး impact ဖြစ်လောက်အောင်တော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ ဒါတွေ စဉ်းစားထားပါတယ်။ ဆောင်ရွက်ဖို့ပေါ်လစီဆွဲတာလည်း သုံးသပ်နေပါတယ်။ မကြာခင်လည်း လုပ်ငန်းတွေ တခုပြီးတခုပေါ်လာဖို့ရှိပါတယ်။”

နေရာတော်တော်များများကူးစက်လာတာမို့ ကျေးလက်တွေက ဆေးရုံဆေးခန်းတွေနဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အားတွေ ပိုလိုအပ်လာပါတယ်။ ဝန်ထမ်းလိုအပ်ချက်တွေ အမြောက်အများ ဖြစ်လာပြီး ကျန်းမာရေးကဏ္ဍမှာ ဆရာဝန်နဲ့ သူနာပြုအပါအဝင် ဝန်ထမ်းလိုအပ်ချက်က ဆေးရုံတိုင်းလိုလိုမှာ ရှိနေပါတယ်။ ဝေးလံခေါင်သီတဲ့ တိုင်းရင်းသား ဒေသတွေမှာဆိုရင် ဒီလိုအပ်ချက်က ပိုများလာပါတယ်။

နိုင်ငံတဝန်းရှိ ဆေးရုံတွေမှာ ကိုဗစ်နိုင်တင်းလူနာများကို ကုသဖို့လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပေးထားပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်မှာ လိုအပ်ချက်ရှိတာ၊ အရင်းအမြစ်ရှားပါးတဲ့ အခြေအနေမှာ လုပ်ကိုင်နေခဲ့ရတဲ့ အစိုးရကျန်းမာရေးစနစ်က ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိတဲ့နိုင်ငံတွေ ကြုံရသလို ကိုဗစ်နိုင်တင်းရောဂါ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတဲ့အခါ ပြိုလဲသွားတဲ့ အဖြစ်မျိုးကြုံရမှာကို ပြည်သူတွေဘက်က ပိုစိုးရိမ်လာကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သန်းနိုင်စိုးကတော့ ဒီအပေါ်မစိုးရိမ်ကြဖို့နဲ့ အခုလို လူနာတွေထပ်တိုးလာတဲ့အပေါ်မှာ ကုသရေးတွေ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးဌာန နဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေ အစီအစဉ်ရေးဆွဲလုပ်နေတယ်လို့ဆိုပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။

ဆရာဝန်အသင်းက ဒေါက်တာမြင့်ဦးကတော့ နောက်ထပ်တိုးလာမယ့်သူတွေ အတွက်ပါ ကွာရန်တင်းစင်တာအသစ် တွေ ရှာဖွေဖို့ထက် ပုဂ္ဂလိက ဆေးရုံတွေနဲ့ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်တာမျိုးလုပ်တာက ပိုအကျိုးသက် ရောက်စေမယ်လို့ သူက အကြံပြုသွားပါတယ်။

“ပုဂ္ဂလိက ကဏ္ဍက ဆရာတွေကို သူတို့လို standard ဖြစ်သွားအောင် Training ပေးပြီးတော့ အဲ့ဒါဆိုလိုရှိရင် တနိုင်ငံလုံးက ပုဂ္ဂလိကဆေးရုံရော၊ ဆေးခန်းရော အားလုံး level ဖြစ်လာမှာ။ ဒီဆေးခန်းက လူတွေကိုလည်း အားပေးပြီးတော့ ဒီထဲက လူတွေကိုလည်း အလှည့်ကျ volunteer စနစ်နဲ့ လုပ်ပေးတာမျိုးတွေ သူတို့ခွင့်ပြုမယ်ဆိုရင် အစိုးရနိုင်မယ်လို့ ကျနော် ယူဆပါတယ်။”

အခုချိန်ထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူပေါင်း ၂,၀၀၉ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူက ၁၄ ဦးရှိနေပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!