Latest Breaking News & Headlines

COVID-19 ဒုတိယလှိုင်းနှင့် မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုအလားအလာ…

180

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် COVID-19 လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိပြီး ရန်ကုန်တိုင်းမှ ၃၈ ဦး၊ ရခိုင်မှ ငါးဦး၊ ရှမ်း (တောင်ပိုင်း) နှင့် ပဲခူးတိုင်းမှ တစ်ဦးစီ ပါဝင်ရာ တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၂၁၆ ဦးအထိ ရှိလာပြီဖြစ်သည်။ 

လက်ရှိ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် နေ့အလိုက် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု အရေအတွက်သည် နောက်ထပ် ၈၀၀၀၀ ကျော်ရှိလာပြီး စုစုပေါင်း အရေအတွက်အရ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်သော ဘရာဇီးနိုင်ငံ၏ ရောဂါကူးစက်မှုစုစုပေါင်းအရေအတွက်နှင့် နီးကပ်လာပြီဖြစ်သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက နောက်ထပ်ကူးစက်မှုအသစ် ၈၃၃၄၁ ဦး ရှိခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ကူးစက်မှုမှာ ၃ ဒသမ ၉ သန်း ကျော်လွန်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်မှုပေါင်း လေးသန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၆ ဒသမ ၁ သန်းကျော်မှာ ရောဂါကူးစက်ခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကြောင့် လူ ၁၀၉၆ ဦး သေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၆၈၄၇၂ ဦး ရှိပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၇၅ ရာခိုင်နှုန်းရှိသဖြင့် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ရောဂါကြောင့် ပျမ်းမျှသေဆုံးသည့်  ၃ ဒသမ ၃ ရာခိုင်နှုန်းထက် များစွာလျော့နည်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

“COVID-19 ရောဂါဟာ လူလူချင်း ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID ရောဂါ ကူးစက်သူတွေ များလာတယ်ဆိုပေမဲ့ တကယ်တမ်းတော့ နည်းနေတယ်လို့ ပြောနိုင်ပါတယ်။ ရောဂါဖြစ်တဲ့ လူတစ်ယောက်က သုံးယောက်ကို ကူးမယ်။ သုံးယောက်က ကိုးယောက်ကိုကူးမယ်။ အဲဒီလို ဆင့်ပွားပြီးကူးစက်နိုင်တာပါ။ အခုဒုတိယလှိုင်းမှာ COVID ပိုးဟာ ကူးစက်မှုနှုန်း ၁၀ ဆ ပိုများလာတယ်လို့ဆိုတဲ့အတွက် လက်ရှိပိုးတွေ့လူနာအရေအတွက်ဟာ များတယ်လို့မဆိုနိုင်သလို တကယ့်လက်တွေ့မှာ ဒီထက်ပိုများနေနိုင်တယ်လို့ မှန်းဆရပါတယ်” ဟု မော်လမြိုင်မြို့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအောင်မိုးထွန်းက ၎င်း၏အမြင်ကို ပြောကြားသည်။

မြန်မာနိုင်ငံတွင်မူ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၆၆၀၀၀ ကျော်ရှိရာ လူတစ်သန်းလျှင် လူဦးရေ ၃၂၀၀ ကျော် စစ်ဆေးပြီးဖြစ်သည်။ လက်ရှိ တစ်နေ့လျှင် သံသယနှင့် စောင့်ကြည့်လူနာ ၂၀၀၀ မှ ၂၅၀၀ ဝန်းကျင်ကို နေ့စဉ် စစ်ဆေးမှုနေပြီး ထိုကဲ့သို့ စစ်ဆေးမှုများသည် ပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိသူများကိုသာ အဓိကထား စစ်ဆေးခြင်းမျိုးသာ ရှိနေသည်။

မြန်မာနိုင်ငံ၏ နေ့အလိုက် ရောဂါကူးစက်မှုနှုန်းမျဉ်းဂရပ်၌ ဆပွားပုံစံမျိုးဖြစ်ပွားနေသည်ကို တွေ့ရှိရခြင်းမရှိပေ။ ယခုလက်ရှိ၌ ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှု တတိယအများဆုံးနှင့် အာရှတိုက်တွင် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ မျဉ်းဂရပ်၌ မူမှန်အတိုင်း ဆပွားများပြားလာသည်ကို တွေ့ရှိရသည်။

ယင်းနှင့်ပတ်သက်၍ စာရင်းအင်းပညာရှင် ပါမောက္ခ (ငြိမ်း) ဒေါက်တာသောင်းဋ္ဌေးက “ကျွန်တော်တို့ဆီက စစ်တဲ့ဟာက အရေအတွက်အပေါ်မှာပဲ မူတည်ပြီး ပေါ်မယ်လို့ထင်တယ်။ စစ်တာကလည်း သူများနိုင်ငံတွေလို ခြုံငုံမိသွားအောင် စစ်တာမျိုးမှ မဟုတ်ပဲ။ အဲဒါက Graph နဲ့ မဆိုင်တော့ဘူး။ တွေ့တယ်ဆိုတာက စစ်တာပေါ် မူတည်တာကိုး။ စစ်တာက ကျွန်တော်တို့ဆီက အပြင်ဟာတွေဆို သူတို့စရိတ်နဲ့မတတ်နိုင်လို့ ကိုယ့်စရိတ်နဲ့ ကိုယ်စစ်ရမယ်လို့တောင် အသံတွေကြားနေရတယ်လေ။ တွေ့ရှိမှုဆိုတာက စစ်မှတွေ့တာ။ မစစ်ရင် မတွေ့နိုင်ဘူး။ တခြားမှာက များသောအားဖြင့် တစ်ကမ္ဘာလုံးမှာက ဘာကြိုးစားကြလဲဆိုတော့ သူတို့ရဲ့ မဟာဗျူဟာ နည်းဗျူဟာတွေက Flattening the Curve ဆိုပြီးတော့ ကြိုးစားကြတယ်။ အဓိက စာရင်းအင်းလို ပြောရရင် Graph ကို ထိပ်ပုံချွန်းတာ သုံးမျိုးရှိတယ်လို့ ပြောတာပေါ့ဗျာ။ Leptokurtic လို့ခေါ်တဲ့ ထိပ်ပုံ တအားချွန်းတာပေါ့။ နောက်တစ်ခုက Mesokurtic အလယ်အလတ်။ နောက်ဆုံးတစ်ခုက Platykurtic လို့ခေါ်တာပေါ့။ သူက ထိပ်ပုံချွန်းမှာကို နိုင်ငံတိုင်းက ကြောက်ကြတယ်။ ဘာလို့ ကြောက်ကြတာလဲဆိုတော့ ထိပ်ပုံချွန်းသွားရင် ကျန်းမာရေးလုပ်သားရော ပိုက်ဆံရော ဘာရောညာရောက အခက်အခဲ အများကြီးရှိသွားနိုင်တာကိုး” ဟု ပြောပြသည်။

ထို့ပြင် ဆက်လက်ပြီး ၎င်းက “အဲဒီတော့ဖြစ်နေတဲ့ ပုံစံကို တတ်နိုင်သမျှ လွှမ်းခြုံပြီးတော့ များချင်များပါစေ ထိပ်ပုံချွန်း မသွားအောင် ကြိုးစားကြတာပေါ့။ နောက်တစ်ခုက သူ့ရဲ့ တကယ်အမှန်ကိုသိအောင်က Test, Test, Test လို့ ပြောတာကိုး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း။ နိုင်ငံတိုင်းမှာက ဖြစ်နိုင်ရင် Test ကို Maximize လုပ်တာကိုးဗျ။ Maximize လုပ်တော့ ဖြစ်နိုင်ရင် တကယ်ရှိနေတဲ့ Curve ပုံစံက Maximize လုပ်ထားတဲ့အတွက် ဘာပဲပြောပြော ကိုယ်စားပြုမှုလေး ရှိနေနိုင်တာပေါ့။ အခုကျွန်တော်တို့ဆီက အများသိတဲ့အတိုင်းပဲ အဲဒီလို Test, Test, Test မဟုတ်ဘူး။ အဲဒီတော့ ပေါ်လာတဲ့ Curve က Test ပေါ်မူတည်ပြီးတော့ပဲ Curve ကို ပြောလို့ရမှာပါ။ ခုနက တခြားနိုင်ငံတွေနဲ့ သွားပြီးတော့ ပြောလို့မရဘူးဗျ။ ဥပမာအားဖြင့် အိန္ဒိယဆိုရင် တစ်ရက်ကို လူတစ်သန်းလောက် စစ်တယ်လို့ ပြောတာကိုး။ ဘာပဲပြောပြော တကယ်သာ စနစ်တကျစစ်မယ်ဆိုရင် Random စစ်တာတွေရော ဘာတွေရောရှိနေတဲ့ အနေအထားကို ကိုယ်စားပြုအောင် စစ်ရတဲ့သဘော။ ကျွန်တော်တို့ဆီမှာ တွေ့နေရတာက ဖြစ်နိုင်ခြေရှိတဲ့သူကိုပဲ ရှာပြီးတော့ အဲဒီဟာကိုပဲ စစ်တဲ့သဘောပဲ ရှိတယ်” ဟု ဆိုသည်။

လတ်တလောအခြေအနေတွင် ရခိုင်ပြည်နယ်ပြီးနောက် ရန်ကုန်တိုင်း၌ ပိုးတွေ့လူနာတွေ့ရှိမှု ဆက်တိုက်မြင့်တက်လာသည့်အတွက် ရန်ကုန်တိုင်းအတွင်း COVID-19 ကာကွယ်ရေးအတွက် ပိုးတွေ့လူနာ တွေ့ရှိမှုများသည့် မြို့နယ်များတွင် ရောဂါရှာဖွေရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

“ ကိုဗစ်ကာကွယ်ရေးကတော့ လတ်တလော ကူးစက်နှုန်းကျဆင်းနိုင်ရေးအတွက် ရပ်ကွက်တွေအထဲမှာ ရှိနေနိုင်တဲ့၊ မသိနိုင်တဲ့သူတွေကို ပထမတစ်ခေါက် ဆောင်ရွက်သလို ရောဂါရှာဖွေရေးကားတွေနဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီကိစ္စရပ်ကို သက်ဆိုင်ရာ တိုင်းကျန်းမာရေးဌာနက စီမံချက်ရေးသားပေး ပို့ပြီးတော့မှ ဒီစီမံချက်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမယ့်ရက်ကို ကြေညာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရောဂါပြန့်ပွားနှုန်းကို ကျဆင်းဖို့နဲ့ ထိန်းချုပ်ဖို့ကို အဓိကထားပြီး ဆောင်ရွက်တာပါ” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ယခုကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများကို ပထမအကြိမ်အဖြစ် အင်းစိန်၊ မရမ်းကုန်း၊ တာမွေမြို့နယ်တို့တွင် ပြီးခဲ့သည့် ဧပြီလကုန်၊ မေလအတွင်းက စစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ 

လက်ရှိ ဆောင်ရွက်နေသော COVID လူနာရှာဖွေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေါက်တာသောင်းဋ္ဌေးက ၎င်း၏အမြင်ကို ဆက်လက်ပြောကြားရာ “အခု မြန်မာနိုင်ငံမှာက Resource က ရှိပုံမရဘူး။ Resource ရှိတဲ့ ဟာလေးအပေါ် မူတည်ပြီးတော့ စစ်ဆေးမှုတွေလုပ်နေတဲ့သဘောလို့ မြင်ပါတယ်။ စစ်ဆေးမှုတွေမှာ Resource ကို ဒီထက်ပိုပြီးတော့ သုံးသင့်တယ်လို့ မြင်တယ်။ ဒါပေမဲ့လို့ အခုက Resource တောင်မဟုတ်ဘူး။ Quarantine ဝင်တာတွေအတွက်ပါ အကုန်အကျခံနေရတော့ Test အပေါ်မှာ သုံးနိုင်တဲ့အနေအထားက မတွေ့ဘူး။ တချို့သတင်းတွေဆိုရင် နေပြည်တော်တို့ ဘာတို့ဆို တစ်ယောက်ကို နှစ်သိန်းပေးရမယ်လို့တောင် သတင်းကြားနေတယ်။ စစ်ဆေးမှုကို ကိုယ့်ဘာသာကိုယ် အကုန်အကျခံခိုင်းကတည်းက ခုနက ကျွန်တော်ပြောတဲ့ အချက်အလက်မျိုးဆိုတာ ဖြစ်မလာနိုင်တော့ဘူး။ Resource မရှိဘူးဆိုရင် အဓိက,က ရှာရမှာ။ Test, Test, Test ဆိုတာကို မဖြစ်မနေလုပ်ကို လုပ်ရတော့မှာ။ ဒါပေမဲ့လည်း ဒါတွေက Resource အရ မဖြစ်နိုင်တဲ့သဘောလည်း ရှိနေတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

စက်တင်ဘာ ၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ် ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကပ်ရောဂါဗေဒအရ လက်ရှိကာလတွင် တွေ့ရသော COVID-19 လူနာများနှင့် ထိတွေ့သူများတွင် ရောဂါကူးစက်မှုများ ဆက်လက်ရှိနေနိုင်ပြီး ကူးစက်သူအရေအတွက်သည် ရက်သတ္တတစ်ပတ်မှ နှစ်ပတ်ခန့် ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းပြောကြားထားသည်။    

ယခုအခါ မြန်မာနိုင်ငံ၌ တွေ့ရှိရသော COVID-19 လူနာများ၏ ၇၅ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသည့်အပြင် ရောဂါပိုး၏ မြန်ဆန်သော ကူးစက်မှုပုံစံကို တွေ့ရှိရသည့်အတွက် အမြင်အားဖြင့် ကျန်းမာနေသည့် ရောဂါပိုးရှိသူများထံမှ ထပ်မံပြန့်ပွားရန် အလားအလာများနေသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID-19 ဖြစ်ပွားမှုအခြေအနေများ၊ အလားအလာများနှင့်ပတ်သက်၍ သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံဆရာဝန်အသင်းက ကြီးမှူးပြုလုပ်ခဲ့သည့် ‘COVID-19 အနာဂတ်’  ဆေးပညာဆိုင်ရာ FB Live အစီအစဉ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်မှု အကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “အခုဆို မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲနမူနာတွေယူတယ်။ စစ်တယ်။ Quarantine လုပ်တယ်။ ဒီနည်းနဲ့ ထိန်းချုပ်လာတဲ့အတွက်ကြောင့်လည်းပဲ အချိန်အတန်ကြာအထိ ကျွန်တော်တို့ Level 1, 2, 3 Outbreak ကို Minimum Wave အနေနဲ့ပဲ ထိန်းနိုင်တာပေါ့။ နောက်ပိုင်းအခုကျတော့ ထိန်းနိုင်တဲ့ကြားထဲကနေပြီးတော့ ရောဂါလက္ခဏာမပြတဲ့ လူတွေလည်းရှိနေတယ်။ နောက်လူတွေ တစ်ယောက်နဲ့တစ်ယောက် ကူးလူးဆက်သွယ်တာတွေ ပြန်ရှိလာတဲ့အခါမှာ ပြည်တွင်းမှာ ကူးစက်မှုတွေ တွေ့လာရတယ်။ ကူးစက်မှုများတာကတော့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်လူတွေရဲ့ နေထိုင်သွားလာ စားသောက်မှုစနစ်စသဖြင့် ဒါတွေအပေါ်မှာ အခြေခံပြီးတော့ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းက ပိုပြီးမြန်နိုင်တယ်။ ပြည်တွင်းကူးစက်မှုတွေလည်း ရှိနေပြီ။ ရောဂါပျံ့နှံ့နှုန်းကလည်း မြန်သွားပြီဆိုရင် Case တွေကို ထိန်းချုပ်ရတာတွေက ခက်ခက်ခဲခဲဖြစ်လာပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်မှ အခြားဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းကို ဆရာဝန်များက ဖုန်းဖြင့် ဆက်သွယ်၍ ကျန်းမာရေး စစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှုခံယူရန် အကြောင်းကြားနေခြင်းအပေါ် ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများနှင့် ရောဂါဖြစ်ပွားမှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမရှိပါက ၎င်းတို့မှတစ်ဆင့် ထပ်ဆင့်ရောဂါ ကူးစက်မှုများ ဖြစ်ပွားကာ ထိန်းချုပ်ရန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အပြင် ယင်းရောဂါထိန်းချုပ်မှုကာလမှာ ကြာရှည်သွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ် ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားထားသည်။

“ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရတစ်ခုတည်းနဲ့ ဒီ Outbreak တွေကို ထိန်းချုပ်လို့မရဘူး။ ဌာနတိုင်း လူတိုင်း လူတိုင်းက ဒီဟာကို ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါဆိုရင် Future COVID အနေနဲ့ ဘာတွေသက်ရောက်မှု ရှိနိုင်သလဲဆိုရင် Future COVID တွေအပေါ်မှာ မှန်းဆပြီး ကပ်ရောဂါဆိုင်ရာ မဟာဗျူဟာတွေကို ဆောင်ရွက်ရတယ်။ အဓိကလူတွေ ရောဂါကူးစက်တဲ့အတွက်ကြောင့် လူတွေ အသက်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရတယ်။ နောက်တစ်ခုက နိုင်ငံအတွင်းမှာရှိတဲ့ အဓိက ဝန်ဆောင်မှုလုပ်ငန်းတွေ ဒါတွေ မရပ်တန့်သွားအောင် ပူးပေါင်းဆောင်ရွက်ရတယ်။ တကယ်က COVID က အခြေအနေနှစ်မျိုးပဲ ရှိနိုင်တယ်။ လူထုက မပါဝင် မထိန်းသိမ်းနိုင်ရင် ကူးစက်မှုက တအားမြန်သွားပြီး မထိန်းနိုင် မသိမ်းနိုင်ဖြစ်သွားမယ်။ Future မှာပေါ့။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဒါတွေ ထိခိုက်တဲ့အတွက်ကြောင့် နိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်လာမယ်။ ဒါကြောင့် Future မှာ COVID က တအားပြန့်သွားရင် စီးပွားရေး ၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေတွေ ကျဆင်းသွားမယ်။ ဒါကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ Business Plan တွေ ဆောင်ရွက်ရတယ်။ ဒါလည်း တခြားနိုင်ငံတွေမှာ ဆောင်ရွက်နေသလို ကျွန်တော်တို့ နိုင်ငံမှာလည်း ဆောင်ရွက်နေတယ်။ ဒါကြောင့် အခုပျံ့နှ့ံနေတဲ့ ပြည်တွင်းကူးစက်မှုအဆင့်ကို လူထုကနေ အားထည့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု  ပြည်သူ့ကျန်းမာရေးကျွမ်းကျင်မှု အကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!