Latest Breaking News & Headlines

စင်ကာပူသို့ မြန်မာ့သရက်သီး တန် ၁၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး လာမည့်ရာသီတွင်လည်း နိုင်ငံတကာသို့တင်ပို့မှု အလားအလာကောင်းမည်…

91

မြန်မာ့သရက်သီးကို နိုင်ငံတကာဈေးကွက် ရှာဖွေတင်ပို့လျက်ရှိရာ ၂၀၂၀ ပြည့် နှစ် ဧပြီလကုန်မှ ဇူလိုင်လအတွင်း စင်ကာပူနိုင်ငံသို့ သရက်သီး တန်ချိန် ၁၀ဝ နီးပါး တင်ပို့နိုင်ခဲ့ပြီး အလားအလာကောင်းများရှိသဖြင့် လာမည့်နှစ်တွင် အခြား နိုင်ငံများသို့ ဈေးကွက်တိုးချဲ့ရန်လည်း စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သရက်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(သဇင်နွယ်)က ပြောသည်။သရက်သီးရာသီသည် ဧပြီလကုန်မှ ဇူလိုင်နှင့် ဩဂုတ်လအထိဖြစ်ရာ ယခင် နှစ်က ထိုကာလအတွင်း စင်ကာပူနိုင်ငံဈေးကွက်သို့ တန်ချိန် ၂၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၁၀၀ နီးပါး တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာ စားသုံးမှုဈေးကွက်တွင်လည်း နေရာတစ်ခု ရရှိနေပြီဖြစ်သည်။

“အခုတော့ သရက်ရာသီ ကုန်သွားပြီ။ နောက်ဆုံးထွက်တဲ့ ရှမ်းပြည်နယ်က သရက်တောင် မရှိတော့ဘူး။ ဒီနှစ် သရက် ရာသီမှာ စင်ကာပူကို NT Star နဲ့ သဇင်နွယ် နှစ်ခုပေါင်း အုပ်စုက သင်္ဘောနဲ့ တင်ပို့ခဲ့တော့ တင်ပို့မှုပိုင်းမှာ အဆင် ပြေလို့ ပင်လယ်ရေကြောင်းနဲ့ ဂျပန်ပို့မလား၊ အလားအလာကောင်းတွေ ရှိနေပြီ။ အခြားနိုင်ငံတွေဆီ တင်ပို့ဖို့လည်း စီစဉ်နေကြပြီ”ဟု ၎င်းက ပြောသည်။ ကိုဗစ်- ၁၉ ရောဂါနှင့် တရုတ်သို့ သစ်သီးများ တင်ပို့မှု အများဆုံးကာလ တိုက်ဆိုင်ခဲ့သည့်အတွက် တရုတ်နိုင်ငံ ဈေးကွက်တွင် ဆုံးရှုံးမှုနှင့် ဈေးကွက် မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရကာ ပြည်တွင်းမှ ကုန်သည်နှင့် စိုက်ပျိုးသည့် တောင်သူများ နစ်နာဆုံးရှုံးမှုများ ရှိခဲ့သော်လည်း စင်ကာပူ နိုင်ငံသို့ တင်ပို့နိုင်မှု သည် အမြင့်ဆုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဈေးကွက်တွင်မူ ဝယ်လိုအား နည်း သည့်အပြင် ဈေးနှုန်းလည်း ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း သိရသည်။

“စင်ကာပူကို တင်ပို့တဲ့သူက အရင်ထက် များလာတယ်။ သရက်သီးက ဒီနှစ်မှာ ပြည်တွင်းမှာလည်း ပိုလျှံခဲ့တယ်။ တရုတ်ဈေးကွက်ကလည်း အဆွဲ နည်းခဲ့တယ်။ ဒီလိုအချိန်မှာ စင်ကာပူဘက် တင်ပို့နိုင်မှုများလာတာက အလား အလာကောင်းပေါ့။ တရုတ်ဈေးကွက်မှာ ၁၆ ကီလို တစ်ခြင်းမှ အများဆုံး ယွမ် ၁၃၀ ပဲရပြီး မနှစ်က ၁၆၀ အထိ ရခဲ့တယ်”ဟု မြန်မာ သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ သရက်သီးတင်ပို့မှု စာရင်းများ အရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၇၇၄၇ ဒသမ ၉၅ တန် (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၀၇သန်း)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၉၄၄၄ တန်(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၆ သန်း)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၀၉၄၄ ဒသမ ၁ တန် (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၂ သန်း)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၇၁၀၀ ဒသမ ၀၄ တန် (အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၀၈ သန်း)၊ ၂၀၁၉-၂၀၂၀ (၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဧပြီ ၁၇ အထိ)တွင် ၂၃၁၅ ဒသမ ၂၅ တန် (အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၇ သန်း) တင်ပို့နိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သရက်စိုက်ဧက ၂၅၀၀၀၀ ခန့်ရှိပြီး သရက်သီး အထွက်နှုန်းမှာ တန်ချိန် ၆ ဒသမ ၆ သိန်းကျော်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင် ပိုင်း)တို့တွင် အများဆုံးစိုက်ပျိုး၍ စင်ကာပူသို့တင်ပို့ရာတွင် အအေးခန်းများဖြင့် တင်ပို့ခြင်း ဖြစ်ပြီး တောင်သူများထံမှ ဝယ်ယူရာတွင်လည်း စံချိန်မီ သရက်သီးများဖြစ်ရန်နှင့် အရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!