Latest Breaking News & Headlines

ဗြိတိသျှ တို့ ပြည်မြို့က ဖြုတ်ယူသွား ခဲ့တဲ့ ပြာသာဒ်တော်ကြီး…

79

မွန်ဘာသာဖြင့်ရေးထိုးထားသော ပြည်မြို့ရွှေဆံတော် ဘုရားကျောက်စာအရ သီရိဓမ္မာသောကမင်းကြီးသည် ပြည်မြို့ကမ်းနဖူးတွင် ရွှေမုဌောဘွဲ့ဖြင့်စေတီတည်ခဲ့ပြီး ရွှေကျောင်းကြီးစေတီဘွဲ့ဖြင့် ထင်ရှားသည်။ နောင်တွင် မြတ်ချစ်ရှင်ဟု ဘွဲ့တော်ပြောင်းသည်။သက္ကရာဇ် ၈၉၄ တွင် ပြည်ဘုရင်နရပတိမင်းကြီးက မြတ်ချစ်ရှင် စေတီတော်ကြီး၏ တောင်ဘက် တွင် ကြီးကျယ်ခမ်းနားလှပသော ဘုရားတန်ဆောင်း ရွှေကျောင်းကြီးပြသာဒ်တော်ကို ဆောက်လုပ်လှူဒါန်းသည်။ခရစ်နှစ် ၁၈၂၅ ခုနှစ်တွင် ပထမ မြန်မာ-အင်္ဂလိပ် စစ်ပွဲဖြစ်ပွားသည်။ ရွှေကျောင်းကြီးစေတီတော်နှင့် ပြသာဒ်တော်ကြီး ပျက်စီးသွားခဲ့ရသည်။ ပြည်ဘုရင် သတိုးမင်းဖျားက ပ ဉ္စမအကြိမ် ပြုပြင်သည်။ ဘုရား အာရုံခံတန်ဆောင်း ဘုံခုနှစ်ဆင့် ပြသာဒ်တော်သစ်ကြီးအဖြစ် တည်ဆောက်ခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် ပြည်မြို့အုပ်ကတော် မကင်းက ထပ်မံပြုပြင်တည်ဆောက်ခဲ့ပြန်သည်။

ရွှေပိန်းချတိုင်လုံးကြီးပေါင်း ၂၀ ခန့် ၊ မြန်မာမှု အနုပညာ လက်ရာ စုလစ်မွန်းချွန် ကနုတ်ပန်းအလှများဖြင့် ခမ်းနားကြီးကျယ်သည်။ ရွှေကျောင်းကြီး၏ တောင်ဘက် နှင့် မြောက်ဘက်တွင် မနုဿီဟ ခြသေ့င်္ရုပ် လေးရုပ် ပါရှိသည်။အဆိုပါ မြန်မာ့ရှေးဟောင်း အနုပညာလက်ရာမွန် ရွှေကျောင်းကြီးဘုရား ပြသာဒ်တော်ကြီးသည် ယခုအခါတွင် ပြည်မြို့၌ မရှိတော့ပေ။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဧဒင်ဥယျာဉ်ထဲရောက်ရှိနေပြီဖြစ်သည်။ ပြည်မြို့တွင် တည်ရှိခဲ့သည့်အတိုင်း ၁၈၅၆ ခုနှစ် နိုဝင်ဘာလက ပြန်လည်တည်ဆောက်ထားသည်။ ပြသာဒ်တော်သည် ဧဒင်ဥယျာဉ်မြောက်ဘက်ပိုင်းရှိ ရေပတ်ပတ်လည်ဝိုင်းကာ ကျွန်းသဖွယ်ရှိနေသော နေရာတွင်ရှိနေသည်။

ဒုတိယ မြန်မာ-အင်္ဂလိပ် စစ်ပွဲအပြီးတွင် ဗြိတိသျှ တို့က ပြည်မြို့မှ ဖျက်ယူသွားကြခြင်းဖြစ်သည်။ ပြည်မြို့သို့လာရောက်လည်ပတ်ရင်း ပြသာဒ်တော်ကို တွေ့ရှိသွားခဲ့သည့် အိန္ဒိယနိုင်ငံဆိုင်ရာ ဘုရင်ခံ လော့ဒ်ဒါလ်ဟိုဇီက အိန္ဒိယသို့ ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ထို့နောက် အရှေ့အိန္ဒိယကုမ္ပဏီပိုင် Shway Gong ဟူသော သင်္ဘောဖြင့် ကာလကတ္တား သို့ သယ်ဆောင်သွားတော့သည်။ သူ၏ရည်ရွယ်ချက်မှာ မြန်မာ့ဗိသုကာနမူနာ အဖြစ် အိန္ဒိယ ဥယျာဉ်အတွင်း ပြန်လည်တည်ဆောက်ပြသထားလိုခြင်းဖြစ်သည်။

ယူဆောင်သွားသော ပြသာဒ်တော်ကို အစပထမတွင် ဝီလျံခံတပ်၌ ထိန်းသိမ်းထားခဲ့ပြီး မှ ဧဒင်ဥယျာဉ်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ပြသာဒ်ပြန်လည် တည်ဆောက်ရာတွင် မြန်မာ့ ဗိသုကာ လက်မှုပညာရှင် ၁ဒါဇင်ထက်မနည်းပါဝင်ခဲ့ပြီး အချိန် ၃လကြာ တည်ဆောက်ခဲ့ရကာ တည်ဆောက်ခမှာ အဲဒီအချိန်က ရူပီးငွေ၆၀၀၀ ဖြစ်သည်။ဗြိတိသျှနယ်ချဲ့တို့သည် သူတို့ယူဆောင်သွားသည့်အကြောင်းကို ” မြန်မာ့အနုပညာ ဗိသုကာ လက်ရာကို ပြည်မြို့မှ ၁၈၅၄ ခုနှစ်တွင် ဖျက်ယူလာ၍ ဤနေရာ၌ ၁၈၅၆ နိုဝင်ဘာလတွင် ပြန်လည်တည်ဆောက်ခဲ့သည်” ဟု ကျောက်ဖြူပြားပေါ်တွင် ကဗ္ပည်းထိုး ဝန်ခံထားသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!