Latest Breaking News & Headlines

စင်ကာပူ ထက် သာပဟေ့! ..စင်ကာပူ ကို မြန်မာ ကျော်ပြီ…

272

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရပြီး ပြန်လည် နာလန်ထူသက်သာလာမှုကို နှိုင်းယှဉ်ပြ ထားတဲ့ အညွှန်း ကိန်း အရ မြန်မာနိုင်ငံ က အဆင့် ၂၀ နေရာမှာ ရပ်တည် နေပြီး စင်ကာပူ က အဆင့် ၅၁ ပါ တဲ့။

ဒီ အညွှန်းကိန်း ကို တစ်နိုင်ငံချင်းစီ ရဲ့ လူဦးရေ၊ တစ်ဦးချင်း တိုင်းပြည်ဝင်ငွေ (GDP per capita)၊ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံ၊ ရောဂါကူးစက်မှု၊ သေဆုံးမှုနဲ့ ပြန်လည် သက်လာ ပျောက်ကင်းမှုစတဲ့ အချက်အလက် တွေအပေါ် အခြေခံပြီး တွက်ချက်ပေးထားတာ ဖြစ်တယ်လို့ Global Covid-19 Index (GCI) ရဲ့ အချက်အလက်ကို ရည်ညွှန်းပြီး DVB သတင်းဌာနက ဖော်ပြထား တာပါ။

A volunteer disinfects a road as a preventive measure against the COVID-19 coronavirus on March 29, 2020. (Photo by Sai Aung Main / AFP)

ဒီစာရင်း ရဲ့ ထိပ်ဆုံး မှာ ထိုင်းနိုင်ငံရှိပြီး တောင်ကိုရီးယား နိုင်ငံက ဒုတိယ၊ အခြားသော အာရှနိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ ထိုင်ဝမ်က စတုတ္ထနဲ့ ပ ဉ္စမအဖြစ် ကမ္ဘာအဆင့် ထိပ်ဆုံးငါးနေရာမှာ အာရှ လေးနိုင်ငံက ရပ်တည်နေကြ တာ ဖြစ် ပါတ ယ်။ တိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဩစတေးလျ၊ ကနေဒါနဲ့ ဖင်လန်နိုင်ငံတွေက ဆဋ္ဌမကနေ ဒသမနေရာတွေကို ရယူထားပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး… အာရှအဆင့်မှာတော့ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ရဲ့ နောက် အဆင့် ၅ နေရာမှာ ရှိနေတာ ဖြစ် ပါတယ်။

ဒီမှာ ထူးခြားတာက…တစ်တိုင်းပြည် လုံး ကုန်ထုတ် လုပ်မှု အရရော၊ တစ်ဦး ချင်း ဝင်ငွေအရရော ကမ္ဘာ့အဆင့် အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်းက ပါဝင်တဲ့ ဂျပန်နိုင်ငံက အဆင့် ၃၇ နဲ့ စင်ကာပူနိုင်ငံက အဆင့် ၅၁ တွေမှာ သာ အသီးသီး ရပ်တည်နိုင်ခြင်းပါပဲ။

စစ်အာဏာသိမ်း အစိုးရအဆက်ဆက် အညွှန်း ကိန်း မှန်သမျှ ဘိတ်ချေးတန်း က ဗိုလ်စွဲနေကျ မြန်မာဟာ….သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်တွေမှာလည်း အောက်တန်းနောက်တန်းကျနေရာက…အခုဆိုရင် အင်အား အကြီးဆုံး နိုင်ငံကြီးတွေအပါအဝင် တစ်ကမ္ဘာလုံးကို နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး အားကစားစတဲ့ ကဏ္ဍစုံမှာ ပြိုကျယိုင်လဲမတတ် ဖြစ်စေတဲ့ ကိုဗစ်-၁၉ ရောဂါကပ် ဆိုးကြီးမှာ…

နိုင်ငံ စီးပွားရေး သေးငယ်လွန်း တဲ့ ကြားက၊ ပြည်သူတွေ ဓနအင်အား နွမ်းပါးကြတဲ့ ကြားက၊ ကျန်းမာရေး စောင့်ရှောက်မှု အရင်းအမြစ် နည်းပါးလွန်းတဲ့ ကြားက…ကိုယ့်နိုင်ငံထက် အဘက်ဘက် မှာ အပြတ်အသတ် သာလွန်နေ တဲ့ စင်ကာပူနဲ့ ဂျပန်ထက်တောင် အညွှန်းကိန်း သိသိသာသာ မြင့်မားသွားရတာဟာ…

ခေါင်းဆောင်ကောင်း ရဲ့ အချိန်နဲ့ တပြေးညီ မျက်ခြေမပြတ် လေ့လာ ကြားနာ ညှိနှိုင်းပြီး မဟာဗျူဟာချမှတ်နိုင်မှု ကျန်းမာရေး ဝန်ကြီးရဲ့ အသေးစိတ် အကွက်ကျကျ စီမံခန့်ခွဲနိုင်မှု ကျန်းမာရေး ဝန်ထမ်းတွေရဲ့ မခိုမကပ် အသက်ပဓာနမထား ကုသစောင့်ရှောက်ပေးမှု အစိုးရရဲ့ အခြေခံလူတန်းစားတွေ သက်သာချောင်ချိရေး အတတ်နိုင်ဆုံး စီစဉ်ပေးမှုတွေကြောင့်အပြင်… အရေး အကြီးဆုံး ဖြစ်တဲ့ ပြည်သူအများစု ရဲ့ စည်းကမ်းသေဝပ်စွာ လိုက်နာပြီး ပူးပေါင်းဆောင် ရွက်မှုတွေကြောင့်သာ ဖြစ်တ ယ်။

အရင်ကသာဆိုရင် ဒီလိုမျိုး ဆင်းရဲတဲ့ နိုင်ငံငယ်လေးက ကပ်ဘေးကို ကြံံ့ကြံ အခံနို င်ဆုံး ထိပ်ဆုံး နိုင်ငံ ၂၀ စာရင်း ဝင်နိုင်လိမ့်မယ်လို့ အိပ်မက်တောင် မက်ရဲမှာ မဟုတ်တဲ့ အပြင်… အိမ်နီးချင်းနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့မှာ ကာကွယ်ဆေး မရှိ၊ ကုသဆေး မရှိသေး တဲ့ ကူးစက်မြန် သေနှုန်းမြင့် ကပ်ရောဂါကြီး အရှိန်အဟုန် ပြင်းပြင်း ပြန့်ပွားလာချိန်မှာ စိတ်လျှော့ပြီး လက်မှိုင်ချနေရဖို့သာ များ ပါတယ်။

တကယ်လည်း ကပ်ရောဂါ စတင် ဖြစ်ပွားခါစမှာ မြန်မာလို ပြည်တွင်း စစ်ဒဏ်ခံ ငမွဲနိုင်ငံ ဟာ ဒီကပ်ဆိုးဒဏ်ကို မခံနိုင်လောက်ဘူးဆိုတဲ့ ပြည်တွင်း ပြည်ပ ခန့်မှန်းချက်တွေ ထွက်ခဲ့သလို…ပြည်သူတွေ ကိုယ်တိုင်လည်း ကိုယ့်နိုင်ငံ ရဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်စွမ်း အဆင့် အတန်းကို သိထားသူတွေမို့ စိတ်အားငယ်ခဲ့ကြရုံသာမက ကျန်းမာရေး ဝန်ကြီးရဲ့ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားတာတွေ လာကြည့် ဖျားသွားမယ် ဆိုတဲ့ အားပေးစကား ကိုတောင် မယုံမကြည် ဝိုင်းဟားခဲ့ကြသေးတာပါ။

အခုတော့ မက်ခဲ့ဖူးတဲ့ အိပ်မက်မျိုး တကယ် ဖြစ်လာတာမျိုးတောင် မဟုတ်ဘဲ… တစ်သက် နဲ့ တစ်ကိုယ် မက်တောင် မမက်ရဲခဲ့ဖူးတဲ့ အိပ်မက်မျိုးက အမှန်တကယ် အသက်ဝင်လာနေတာပါ။ အနှစ်နှစ်ဆယ်အတွင်း စင်ကာပူ စီးပွားရေးကို ကျော်တက်နိုင်ရမယ် ဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြက်ရယ်ပြုရလောက်အောင် ခက်ခဲ မယ့် အလုပ် မျိုး ဆိုရင်… အခုလို ကမ္ဘာ့ ကပ်ရောဂါဘေးကြီးမှာ စီးပွားရေး အင်အားရော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ရော အပြတ်အသတ် သာလွန်တဲ့ စင်ကာပူထက် ရောဂါ ကာကွယ် တားဆီး တိုက်ဖျက်ရေးမှာ သာလွန်အောင် စွမ်းဆောင်နိုင်မယ် ဆိုတာ ဟာ လည်း တန်းတူခက်ခဲတဲ့ ယုံတမ်းစကားလိုမျိုးသာ ဖြစ်လိမ့်မယ် ဆိုတာ ငြင်းနိုင်သူ ရှိမယ် မထင်ပါဘူး။

အခုတော့ ပြည်သူသာ အဓိက ဆို သလို တိုင်းရင်းသား ပြည်သူအားလုံးဟာ မိမိတို့ ကျန်းမာရေးအတွက် ငဲ့ပြီး အနီ အစိမ်းမခွဲ အစိုးရနဲ့ လက်တွဲ ညီညွတ်ခဲ့ကြလို့ ယုံတမ်းစကားအဆင့်ကနေ လက်တွေ့အောင်မြင်မှုဆီကို လှမ်းတက် လာနိုင်ပြီ ဖြစ်တာ မို့… နိုင်ငံရေး ငြိမ်းချမ်းရေးတွေမှာလည်း အစိုးရနဲ့ တိုင်းရင်းသား ပြည်သူ အားလုံး စိတ်ထားတူညီ ကြိုးစားရင်ဖြင့် နောက် ဆယ့်ခြောက်နှစ်မှာ စင်ကာပူရဲ့ စီးပွားရေး (GDP) ကို ကျော် မတက်နိုင်ဘူးလို့ မပြောနို င်ပါဘူး။

ကိုယ့်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ဘေး ကို အန်တုနိုင်စွမ်း က ကမ္ဘာ့အဆင့် ၂၀ မှာ ရပ်တည်နိုင်တဲ့ အောင်မြင်မှုကို ပိုမို မြင်သာအောင် နှိုင်းယှဉ်ပြရရင်… ကိုဗစ်-၁၉ ရောဂါရဲ့ ရင်းမြစ်နိုင်ငံ ဖြစ်တဲ့ တရုတ်လို လူအား ငွေအား နည်း ပညာအား အပြင် တစ်သွေး တစ်သံ တစ်မိန့်နဲ့ အကြွင်းမဲ့ အာဏာအားကိုပါ သုံးနိုင်တဲ့ နျူကလီးယား လက်နက်ရှင် ကမ္ဘာ့ စီးပွားရေး နံပါတ် ၂ နိုင်ငံမျိုးတောင် နာလန်ထူညွှန်ကိန်း အဆင့် ၃၅ မှာပဲ ရပ်တည်နိုင်သလို…

စီးပွားရေး၊ စစ်ရေး၊ ပညာရေး သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေးနဲ့ ဆေးပညာ အပါ အဝင် ကဏ္ဍတိုင်းလိုလိုမှာ ကမ္ဘာ့နံပါတ်တစ် အဖြစ် အမြဲလိုလို ဗိုလ်စွဲနေကျ အမေရိကန်ဟာတော့ ဒီကပ်ဘေးမှာတော့ စီမံခန့်ခွဲမှု ညံဖျင်းပြီး ပေါ့ဆလွန်းတဲ့ ခေါင်းဆောင်နဲ့ ပရမ်း ပတာနိုင်လွန်း ငါတကောကောလွန်းတဲ့ ပြည်သူတွေ အချင်းချင်း အစေးမကပ် မညီညွတ်မှုကြောင့် အညွှန်းကိန်း အဆင့် ၁၂၀ မှာသာ ရှက်ဖွယ်လိလိ ရပ်တည်နေရတာ ဖြစ် ပါတယ် ။

အမေရိကန်၊ ရုရှ၊ တရုတ်၊ ဗြိတိန်၊ ပြင်သ စ်၊ အီတလီ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံမျိုးတွေ အဆင့် ၂၀ အတွင်း ရပ်တည်နေနိုင်မယ် ဆိုရင် ဘာမှ မဆန်းပေမဲ့…မြန်မာလို နိုင်ငံက အဆင့် ၂၀ မှာ ရပ်တည်နိုင် တာ ဟာ အံသြဘနန်း ဖြစ်စဉ် ဖြစ်ပြီး ဒီလို Miracle မျိုးကို လူထုခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်အစိုးရနဲ့ ပြည်သူတွေ အားလုံး လက်တွဲညီညီ ဖန်တီးနိုင်ခဲ့ တာ ပဲ ဖြစ်တယ်။

ဒီစာဟာ ဒီချုပ်ကို လော်ဘီ လုပ်တဲ့စာလို့ စွပ်စွဲမယ် ဆိုရင် ငြင်းဖို့ စိတ်ကူး လုံးဝ မရှိပေမဲ့… အစိုးရ ကောင်းကြောင်းထက် ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုကြောင့် ဒီကပ်ဘေးမှာ ဒီနိုင်ငံ သက်သာရာ ရနေတာကို သတိပေး လိုတဲ့ ရည်ရွယ်ချက် ကလည်း အဓိကကျကျ ပါဝင်ပါတယ်။ ကိုဗစ်-၁၉ စတင် ဖြစ်ပွားတဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကနေ အခုလက်ရှိ အချိန်အထိ… ကမ္ဘာမှာ… အတည်ပြုလူနာ ၁၇ သန်းကျော် သေဆုံးသူ ၆ သိန်း ၇ သောင်းကျော် ပျောက်ကင်းသွား သူ ၁၁ သန်းကျော် မပျောက်ကင်းသေးသူ ၅ ဒသမ ၉ သန်း နီးပါး ရှိနေစဉ်မှာ…

မြန်မာမှာ… အတည်ပြုလူနာ ၃၅၃ ဦး သဆေုံးသူ ၆ ဦး ပျောက်ကင်းသွားသူ ၂၉၆ ဦး မပျောက်ကင်းသေးသူ ၅၁ ဦးသာ ရှိတော့တာကို…Covid Visualizer က ကူးယူ ဖော်ပြထားတဲ့ ပူးတွဲပါ ပုံမှာ နှိုင်းယှဉ်ကြည့်နိုင် ပါတ ယ်။

မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ စတင် ဖြစ်ပွားစဉ်က ရောဂါ သက်သာမှုဟာ အင်မတန် နှေးကွေး နည်းပါးတဲ့အတွက် ပျောက်ကင်းနှုန်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိလို့ စိတ်ပျက်အားငယ် ကြောက် ရွံ့ကြ… အတည်ပြု လူနာ ၂၂ ဦးမှာ ၃ ဦး သေဆုံးသွားချိန်မှာ သေနှုန်းက ၁၃ ရာခိုင်နှုန်းတောင် ကျော်သွားလို့ ခံစစ်ကျိုးပေါက်ပြီလို့ အစိုးရကို ဝိုင်းဆဲခဲ့ကြပေမဲ့… အခုလက်ရှိအချိန်မှာတော့ ပြုစုစောင့်ရှောက်မှု ကောင်းတဲ့ အတွက် သက်သာ ပျောက်ကင်းသွားသူ အရေ အတွက် ဟာ ကူးစက်ခံရသူ အတည်ပြုလူနာ အရေအတွက်ရဲ့ ၈၃ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး… သေဆုံးသူက ၆ ဦးမှာသာ ရပ်တန့်နေတဲ့အတွက် သေနှုန်းဟာလည်း ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတော့ တယ်။

အတည်ပြု ကူးစက် လူနာ တွေ့ရှိမှု ကျဆင်းနေပြီး သေဆုံးနှုန်း က မတက်ဘဲ အောက်နားမှာတင် တန်းနေတာကို အားတက်ဖွယ် တွေ့ရမှာပါ။ ဒါဟာ စစ်ဆေးချက်တွေ၊ ကိန်းဂဏန်း အချက်အလက်တွေအရ အခြေအနေ မကောင်းခင် အကြောက် တရား စိုးမိုးနေချိန်က ပြည်သူအများစုဟာ လက်ဆေးကြပါ၊ Mask တပ်ကြပါ၊ လူမစုဝေးကြပါနဲ့၊ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့ ဆိုတဲ့ စည်းကမ်းချက်တွေကို တိတိ ကျကျ လိုက်နာခဲ့ကြတာ ရဲ့ ရလဒ် အသီးအပွင့်ကို ခံစားနေရတာပဲ ဖြစ်တယ်။

အခုအခါမှာတော့ ရလဒ်တွေ ကောင်းလာတာ နဲ့အမျှ မကြောက်ကြတော့ဘဲ New Normal ကို အသားကျအောင် ကြိုးစားရမယ့်အစား နေရာတကာမှာ Old Normal ပြန်ဖြစ်နေကြပြီဆိုတာကို စိုးရိမ်စဖွယ် တွေ့နေရပါတယ်။ အထူး သဖြင့် လူ အများစု ဟာ ကိုယ်တိုင် Mask မတပ်ကြတော့သလို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စည်းကမ်းချက်အတိုင်း လိုအပ်လို့ Mask တပ်ခိုင်း လက်ဆေးခိုင်းတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ အများပြည်သူ သွားလာရာ ဈေးဝယ်စင်တာတွေက တာဝန်ရှိသူတွေကိုတောင် ပြဿနာ ရှာတာမျိုးတွေကို ကြားသိလာရ ပါတယ်။

ဒီရောဂါ စဖြစ်ခါစက Mask တပ်ဖို့ လို မလို အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ အခု အချိန်အတိုင်းအတာ တစ်ခု လက်တွေ့ ဖြတ်ကျော်အပြီးမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေက Mask တပ်ခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ကို အဆုံး သတ်ပေးလိုက်ပြီး ဖြစ်လို့ ကုသဆေး ကာကွယ်ဆေး မပေါ်မချင်း၊ ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် မသုံးနိုင်မချင်း Mask တပ်ခြင်းကို ယဉ်ကျေးမှု တစ်ရပ်လို လိုက်နာကျင့်သုံး ရမှာ ဖြစ် ပါတယ် ။

ဒါ့အပြင် ရောဂါကူးစက်မှု ကို အတော်လေး ထိန်းချုပ်ထားနိုင်ပြီး ကမ္ဘာ့အဆင့် ၂၀ မှာ ရပ်တည်နေတယ် ဆိုပေမဲ့… ပြည်သူကြားမှာ ရောဂါလက္ခဏာ မပြဘဲ ရောဂါပိုးကို သယ်ဆောင်ထား သူတွေ ရှိနေနိုင်တဲ့ အတွက်ကြောင့်… အခု လက်ရှိ ရထားတဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ကြမယ်ဆိုရင် လူအများစုက Mask မတပ်၊ လက်မဆေး၊ Social Distancing မလုပ်ကြတော့ဘူး ဆိုရင် အချိန်မရွေး ကူးစက်မှု ပေါက်ကွဲခြင်း ဖြစ်လာနိုင်ပြီး အသေအပျောက်လည်း များလာနိုင်သလို… ဥရောပနိုင်ငံတွေလို Full Lock Down နဲ့ နေရတာမျိုးကို ရှောင်လွှဲလို့ မရတဲ့ အခြေအနေ ကို ရောက်သွားနိုင်ရုံသာမက… ကမ္ဘာ့အဆင့် ၂၀ ကနေ ကျွမ်းပြန်ကျသွားနိုင်ခြေလည်း ရှိနေပါတယ်။

အချုပ်ဆိုရရင်… လွန်ခဲ့တဲ့ လေးငါးလ က စည်းကမ်း လိုက်နာခဲ့ခြင်း ရဲ့ ကောင်းကျိုး ရလဒ် အဖြစ် အခု ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းခြင်းဆိုတဲ့ အောင်မြင်မှု ရလာတယ် ဆိုရင်… အခုလပိုင်းတွေမှာ စည်းကမ်းမဲ့ခြင်းရဲ့ ဆိုးကျိုး ရလဒ်တွေကို နောက်လာမယ့် လတွေ မှာ တွေ့ကြုံလာရနိုင်ပါတယ်။

ဒါကြောင့် ဒီစာဟာ အခုလက်ရှိအချိန်မှာ ဒီတိုင်းပြည် ဒီပြည်သူတွေ အနေနဲ့ ရရှိနေ တဲ့ အောင်မြင်မှုတွေ ကို သတိပြုမိပြီး မိမိတို့ရဲ့ ပူးပေါင်းအား၊ စည်းကမ်းလိုက်နာမှုအားတွေရဲ့ အရေးပါမှုကို မိမိတို့ ကိုယ်တိုင် ဂုဏ်ယူတတ်စေဖို့နဲ့ ပန်းတိုင် မရောက်ခင် တက်မထောင်ကြဖို့ သတိပေးလိုတာက အဓိက ဖြ စ်ပါတယ် ။

စီးပွားရေးနဲ့ စားဝတ်နေရေး အခြေအနေအရ အပြင်မထွက်ဖို့နဲ့ Social Distancing ကို ထိထိမိမိ တိတိ ကျကျ လိုက်နာဖို့ မဖြစ်နိုင်တော့တဲ့ ဒီအချိန်မှာ… အနည်းဆုံး Mask ကို မဖြစ်မနေ တပ်ကြဖို့နဲ့ လက်ဆေးကြဖို့ ဆိုတဲ့ အခြေခံ စည်းကမ်းတွေ ကို ဆက်လက် လိုက်နာရင်း မိမိကိုယ် ကိုယ်ရော သူ တစ်ပါး ကိုရော ရောဂါပိုး ကူးစက်မှုကနေ ကာကွယ်ပေးရင်း ရပြီးသား ပြည်သူ့အောင်ပွဲ ကို ဆက်လက် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက် ပါတယ်။

Leave A Reply

Your email address will not be published.

error: Content is protected !!