Latest Breaking News & Headlines

ညွန့်ပေါင်းအစိုးရနှင့် ရွေးကောက်ပွဲနိုင်ငံရေး…

81

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ညွန့်ပေါင်းအစိုးရအသံလဲ ကြားရပြန်ပြီ။ တိုင်းရင်းသား ပါတီတွေအပါအဝင် ပါတီသစ်အချို့မှာ ဒီအိမ်မက် ကိုယ်စီရှိကြမယ် ထင်ပါတယ်။ ဒါအထူးအဆန်းတော့ မဟုတ်ပါ။ NLDဒု-ဥက္ကဌ ဒေါက်တာဇော်မြင့်မောင်မှ ညွန့်ပေါင်းအစိုးရဖွဲ့ရေးကိစ္စ စဥ်းစားတဲ့အထဲ မပါသေးကြောင်း ပြောတော့ ဒီမိုကရေစီ အင်အားစုတွေကို မဟာမိတ်မဖွဲ့ဘူး၊ တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်ရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မှ အဆင်ပြေမယ် စသဖြင့် စသဖြင့် အမျိုးမျိုးအဖုံဖုံ အသံတွေကြားရတာကြောင့် ဥာဏ်မီသလောက် ဆွေးနွေးလိုပါတယ်။မဟာမိတ်သဘောတရားဒီမိုကရေစီစနစ်မှာ ညွန့်ပေါင်းအစိုးရအတွက် ရည်ရွယ်ပြီး မဟာမိတ်တွေဖွဲ့ကြတာလဲ ရှိသလို ဥပဒေပြုနိုင်ဖို့အတွက် မဟာမိတ်ဖွဲ့တာမျိုးလဲ ရှိတတ်ပါတယ်။ ဥပဒေပြုဖို့ မဟာမိတ်ဖွဲ့တယ်ဆိုတာ – ပါတီတစ်ခုက ဥပဒေတစ်ခု အတည်ပြု ပြဌာန်းနိုင်ဖို့ ဥပဒေပြုလွှတ်တော်မှာ အဆိုပြုတဲ့အခါ ထောက်ခံမဲရဖို့ မဟာမိတ်ဖွဲ့ရတာလဲ ရှိတတ်ပါတယ်။

အခြေအနေအရ ဥပဒေပြုဖို့အတွက် အပေးအယူနဲ့ မဟာမိတ်ဖွဲ့ရတာလဲ ရှိတတ်ပါတယ်။ ထို့အပြင် ဘုံအကျိုးစီးပွားတူညီမှုအပေါ် အခြေခံပြီး မဟာမိတ်ဖွဲ့တာတွေလဲ ရှိတတ်ပါတယ်။ရွေးကောက်ပွဲနှင့် ညွန့်ပေါင်းသဘောတရားပါတီစုံဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝအရ နိုင်ငံရေးပါတီများဟာ မိမိတို့ချမှတ်ထားတဲ့ မူဝါဒတွေကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ယှဥ်ပြိုင်ကြရတယ်။ ပြည်သူတွေကလည်း လွတ်လွတ်လပ်လပ် မိမိတို့ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ် (သို့မဟုတ်) ပါတီကို မဲပေးရွေးချယ်ရပါတယ်။ ဒီမိုကရေစီစနစ်ဟာ ပြည်သူကိုအခြေခံတဲ့ စနစ်ဖြစ်တာကြောင့် ပြည်သူတွေက မိမိနှစ်သက်တဲ့ လူ/ပါတီကို ရွေးချယ်ရတာဟာ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြုတဲ့စနစ် ဖြစ်တာနဲ့အညီ ရွေးကောက်ပွဲမှာ ပြည်သူတွေက မဲပေးရွေးချယ်ပြီးတဲ့အခါ ပါတီအသီးသီးရဲ့ ရလဒ်ကို ကြည့်ရပါတယ်။ ပါတီတစ်ခုကပဲ အစိုးရဖွဲ့နိုင်တဲ့ မဲအရေအတွက် (သို့မဟုတ်) သတ်မှတ်ရာခိုင်နှုန်း မဲအရေအတွက် ရထားတယ်ဆိုရင် အဲဒီပါတီကပဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့ခွင့် ရသွားတာ ဖြစ်ပါတယ်။

အကယ်၍ ပါတီစုံရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အစိုးရဖွဲ့နိုင်တဲ့မဲအရေအတွက် ရာခိုင်နှုန်း မရခဲ့ဘူးဆိုရင် အစိုးရဖွဲ့နိုင်ရေးအတွက် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးကိစ္စကို စတင်စဥ်းစားရပါပြီ။ဥပမာ – ၅၁ ရာခိုင်နှုန်းရမှ အစိုးရဖွဲ့နိုင်တယ် ဆိုပါစို့။ အထွေထွေရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ (၅၁)ရာခိုင်နှုန်းမရပဲ ပါတီတစ်ခုက (၄၅) ရာခိုင်နှုန်းပဲ ရတယ်ဆိုရင် အစိုးရဖွဲ့နိုင်ဖို့ (၅၁) ရာခိုင်နှုန်းရအောင် (၄၅)ရာခိုင်နှုန်း ရတဲ့ပါတီက အခြားပါတီတွေနဲ့ မဟာမိတ်တွေဖွဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရပါတယ်။ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်းညွန့်ပေါင်းအစိုးရဖွဲ့ဖို့ဆိုရင် “မူ” မတူတဲ့ အခြားပါတီတစ်ခုခု (သို့မဟုတ်) တစ်ခုထက်ပိုသော ပါတီတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ရပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေဆိုရင် အပေးအယူတွေ လုပ်ပြီး သဘောတူညီချက်တွေရအောင် ညှိနှိုင်းမှုတွေ လုပ်ရပါတယ်။ ပါတီ တစ်ခုနဲ့တစ်ခုဟာ မူဝါဒတွေ မတူညီနိုင်တဲ့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ညှိနှိုင်းမှု အောင်မြင်ပြီဆိုရင် သဘောတူညီချက်တွေအပေါ် ကတိကဝတ် ပြုလုပ်တာတွေ လုပ်ရပါတယ်။ အဲဒီနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့လို့ရပါပြီ။ညွန့်ပေါင်းအုပ်ချုပ်​ရေးညွန့်ပေါင်းအစိုးရဖွဲ့ပြီးလို့ အုပ်ချုပ်တဲ့အခါ အစိုးရမဖွဲ့ခင်က သဘောတူညီချက်တွေကို လျစ်လျူရှုခံရတာ (သို့မဟုတ်) သဘောတူညီထားတဲ့ အချက်တွေအတိုင်း မလုပ်တာ စတာတွေ ဖြစ်တတ်တယ်။ ဒီလိုအချိန်တွေမှာ အစိုးရကို ထိန်းကျောင်းနိုင်ဖို့နည်းတစ်ခုမှာ ဖော်ပြပါ (၅၁)ရာခိုင်နှုန်း ပြည့်မီအောင် မဲရာခိုင်နှုန်း ဖြည့်ပေးတဲ့ပါတီ (သို့မဟုတ်) မဟာမိတ်ဖွဲ့ထားတဲ့ပါတီက အခြားနိုင်ငံရေးပါတီ အစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းလေ့ရှိတတ်တယ်။ အဆိုအောင်မြင်ရင် အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လုပ် စသဖြင့်ပေါ့။”မူ”မတူညီတဲ့ ပါတီတွေစုဖွဲ့ပြီး သဘောတူညီချက်တွေနဲ့ အုပ်ချုပ်တယ် ဆိုပေမဲ့လည်း အဲဒီညွန့်ပေါင်းအစိုးရထဲမှာ အမြင်မတူတဲ့ ကိုယ်စားလှယ်တွေ ရှိနေတတ်တာကြောင့် ညွန့်ပေါင်းအစိုးရတွေ ပြိုကွဲတတ်လေ့ ရှိတယ်။

အချို့နိုင်ငံတွေမှာဆို ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပြိုကွဲသွားတာတွေလဲ ရှိတယ်။ အချို့နိုင်ငံမှာဆို ညွန့်ပေါင်းဖွဲ့ဖို့ ညှိနှိုင်းရင်း အချိန်ကြာတတ်သလို၊ ညှိနှိုင်းမှု မအောင်မြင်တာတွေလဲ ရှိပါတယ်။တိုင်းရင်းသားပါတီများ မျော်လင့်သော ညွန့်ပေါင်းအိမ်မက် (အတွေးအမြင်)တိုင်းရင်းသားပါတီများ လိုလားသော ညွန့်ပေါင်းအုပ်ချုပ်မှုပုံစံကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် မြန်မာ့တပ်မတော်အကြား ကာလရှည်ပြည်တွင်းစစ်ရဲ့ ပြဿနာအရင်းအမြစ်တစ်ခုဖြစ်တဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည်တို့ကို ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်ကြောင့်လို့ မြင်ပါတယ်။ထို့အပြင် တိုင်းရင်းသားပါတီတွေရဲ့ အမြင်မှာ ” ပြည်ထောင်စုမြန်မာနိုင်ငံတော်” မှာ ညွှန့်ပေါင်းအစိုးရကို တည်ဆောက်နိုင်ပါမှ တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်မည်ဖြစ်တဲ့အပြင် ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ချက် ရှိကြတာတွေ့ရပါတယ်။ ဒီအယူအဆကို မူအရ လက်ခံတယ်။ ကြိုက်ပါတယ်။ လက်တွေ့မှာတော့ မလွယ်သေးပါဟု မြင်ပါတယ်။

တကယ်တော့ နိုင်ငံရေးမှာ လုပ်ပိုင်ခွင့် အခွင့်အာဏာဟာ အလွန်အရေးကြီးလှပါတယ်။ဆိုခဲ့ပါအချက်ကို သုံးသပ်ရရင် တိုင်းရင်းသားများ လိုလားတဲ့ “တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်” တို့ဟာ ပြည်တွင်းစစ်ရဲ့ ပြဿနာအရင်းအမြစ်တွေမို့ လက်နက်ကိုင်အဖွဲ့များ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကနေ သွားနိုင်ရင် လက်ရှိအခြေအနေအရ ပိုပြီးထိရောက်နိုင်မယ် လို့မြင်ပါတယ်။NLDရဲ့ရပ်တည်ချက် (အမြင်)လက်ရှိအာဏာရပါတီ NLD ဒု-ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် ကတော့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ကိစ္စကို စဥ်းစားတဲ့အထဲ မပါသေးဘူးလို့ဆိုပါတယ်။ မုံရွာဦးအောင်ရှင်ကလဲ ကျတော်တို့ လက်ရှိအနေအထားအရ တခြားပါတီတွေနဲ့ အတူလုပ်ဖို့ဆို မဖြစ်ပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင်တော့ ပူးပေါင်းမှု ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။ဒါ- ရွေးကောက်ပွဲနိုင်ငံရေး ရှုထောင့်ကနေ ကြည့်ရင် မှန်တယ်လို့ ပြောရမှာပါ။ ရိုးရှင်းစွာ ပြောရရင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအားလုံးဟာ မိမိတို့ယုံကြည်ချက်အတိုင်း လွတ်လပ်စွာ ယှဥ်ပြိုင်ကြရတာဖြစ်ပါတယ်။ အတွေးအမြင်/ သုံးသပ်ချက်၂၀၀၈ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကနေ တက်လာတဲ့ ညွန့်ပေါင်းအစိုးရကို ဦးဆောင်တဲ့ပါတီ(သို့မဟုတ်) နိုင်ငံတော်သမ္မတက ကတိဂဝတ်တွေ၊ တာဝန်တွေ ပျက်ကွက်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က အစိုးရကို ဖြုတ်ချဖို့ (သို့မဟုတ်) အယုံအကြည်မရှိအဆိုတင်ဖို့ အခွင့်အာဏာ ရှိရဲ့လားဆိုတာ စဥ်းစားစရာပါ။

ကျတော် လေ့လာထားသလောက် ပြောရရင် ပြည်ထောင်စုလွှတ်တော်ကို အခွင့်အာဏာ မပေးထားပါဘူး။ ရှင်းရှင်းပြောရရင် ညွန့်ပေါင်းအစိုးရကဏ္ဍ ကိစ္စကိုဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ညွန့်ပေါင်းအစိုးရနဲ့ အုပ်ချုပ်ပြီး အဆင်ပြေနေရင် ပြဿနာမရှိပေမဲ့ အခြေအနေအရ အဆင်မပြေတာတွေ ရှိလာခဲ့ရင် အန္တရာယ် ရှိနေမလားဆိုပြီး စိုးရိမ်မိပါတယ်။မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတိုင်းမှာ ညွန့်ပေါင်းအစိုးရ အိမ်မက် မက်ခွင့်ရှိပါတယ်။ အပြစ်တော့ မဟုတ်ပါ။ ညွန့်ပေါင်းအစိုးရစစ်စစ်မျိုး ဖြစ်လာနိုင်ခြေ၊ မဖြစ်လာနိုင်ခြေ၊ ဆန္ဒနဲ့လက်တွေ့ သဘောတရားတွေကိုသာ စဥ်းစားသုံးသပ်ရခြင်း ဖြစ်ပါတယ်။ညွန့်ပေါင်းဖွဲ့ချင်တဲ့ ပါတီတွေဟာ ရွေးကောက်ပွဲနိုင်ငံရေးကနေ တိုင်းပြည်ကို ထိရောက်စွာ ပြုပြင်ပြောင်းလဲစေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ညွန့်ပေါင်းဖွဲ့ဖို့ စိတ်ကူးယဥ်ကြတာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ရိုးသားစွာဝေဖန်ရရင် လက်ရှိတိုင်းပြည်ရဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး အခြေအနေနဲ့ စစ်အုပ်စုတွေရဲ့ရပ်တည်ချက်တွေကို ကြည့်ရင် ညွန့်ပေါင်းအစိုးရနဲ့ အုပ်ချုပ်မှ ထိရောက်တဲ့အပြောင်းအလဲ ရှိလိမ့်မယ်ဆိုတဲ့ အယူအဆဟာ အလုပ်ဖြစ်နိုင်ခြေ နည်းမယ်ထင်ပါတယ်။ တဖက်မှာ အလုပ်မဖြစ်ပဲ ပြိုကွဲနိုင်ခြေ ပိုများနေမလားဆိုတာလဲ တွေးမိတယ်။ချုပ်ပြောရရင် ကျတော်တို့နိုင်ငံရဲ့ လိုအပ်ချက်က များနေတော့ လက်ရှိနိုင်ငံရေး အခြေအနေအရ ညွန့်ပေါင်းအစိုးရနည်းမျိူးနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့က မလွယ်လှပါ။ အရစ္စတိုတယ်ပြောတဲ့ “အပြန်အလှန် နားလည်မှုများနဲ့ အုပ်ချုပ်တဲ့စနစ်” ပုံစံမျိူးကို သွားနိုင်တယ်ဆို တမျိုးပေါ့လေ။ တကယ်တော့ ညွန့်ပေါင်းအစိုးရ ဖြစ်လာ၊ မဖြစ်လာကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆန္ဒမဲရလဒ် (သို့မဟုတ်) ရွေးကောက်ပွဲရလဒ် အပေါ်မှာပဲ မူတည်​နေတာ ဖြစ်ပါတယ်။

Leave A Reply

Your email address will not be published.

error: Content is protected !!