တက္ကသိုလ်ဝင်တန်း (၁၀ တန်း)အောင်စာရင်း ကို ကျောင်းများတွင် ကပ်ပြီးမကြေညာတော့ဘဲ ၊ ဝက်ဆိုဘ်တွင်သာတင်ပေးမည်ဖြစ်ကြောင်း…
ဆယ်တန်းအောင်စာရင်းတွေကို သြဂုတ်လ(၉)ရက်နေ့မနက်(၀၀: ၃၀)နာရီခွဲမှာ ထုတ်ပြန်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီ ညွှန်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ သြဂုတ်လ(၉)ရက်နေ့မှာ www.myanmarexam.org ဝဘ်ဆိုဒ်ကနေ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

“(၈)လပိုင်း (၉)ရက်နေ့ပေါ့။ ကျောင်းတွေမှာလည်း မကပ်ရဘူးတဲ့။”လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ အဲဒီလိုထုတ်ပြန်ပေးဖို့ ညွှန်ကြားစာကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီ ဇူလိုင်လ(၂၈)ရက်က ပေးပို့ထားတာလို့ သိရပါတယ်။

အဲဒီကိစ္စကိုအတည်ပြုနိုင်ဖို့ စာစစ်ဦးစီးဌာနကို ဆက်သွယ်ခဲ့ချိန်မှာတော့ “အထက်ကိုတင်ပြထားတယ်။ ပြန်မကျသေးဘူးဗျ။ ကျွန်တော်တို့ ကြိုပြီးကြေညာပါ့မယ်။”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။

ဆယ်တန်းအောင်စာရင်းထုတ်ပြန်တဲ့ရက်ကိုတော့ နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ပေးသွားမယ်လို့လည်း သူကပြောပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၅၁)ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်သူ (၂၉၃)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။